စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)တို့ ပူးပေါင်း၍ “ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone-REZ)” စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း MRF က ဇွန် ၁၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါစီမံကိန်းသည် ဆန်စပါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှု Export Value Chain ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆန်စပါးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
စီမံကိန်းအတွက် နိုင်ငံတော်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ကူညီပေးမည်ဖြစ်ပြီး ပို့ကုန်လုပ်ငန်းရှင်များကလည်း စိုက်ပျိုးစရိတ်ချေးငွေများ စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းစီမံကိန်းမှတစ်ဆင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဝင်ငွေတိုးတက်လာစေရေး၊ ကျေးလက်လူနေမှုဘဝ မြှင့်တင်နိုင်ရေးနှင့် ပြည်ပပို့ကုန် ဆန်စပါး၏ အရည်အသွေးနှင့် အရေအတွက် တိုးတက်လာစေရေးတို့ကို အဓိက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
REZ စီမံကိန်းတွင် ပြည်ပပို့ကုန်ကုမ္ပဏီများ၊ တစ်ကွင်းတစ်စပ်တည်း ဧက ၃၀၀ အထက် စိုက်ပျိုးနိုင်သည့် လယ်ယာကုန်ထုတ်သမဝါယမအသင်းများ၊ ကန်ထရိုက်လယ်ယာဆောင်ရွက်နေသည့် ကုမ္ပဏီများ၊ တောင်သူလယ်သမားအစုအဖွဲ့များ၊ ဆန်စက်လုပ်ငန်းရှင်များနှင့် MSME လုပ်ငန်းများ ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း MRF က ဖိတ်ခေါ်ထားသည်။
စိတ်ဝင်စားသူများအနေဖြင့် ၂၀၂၆ ခုနှစ် မိုးစပါးရာသီအမီ ဆောင်ရွက်နိုင်ရေးအတွက် ဇွန်လကုန် နောက်ဆုံးထား၍ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ကြရန် MRF က နှိုးဆော်ထားသည်။
