တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈ ရက် ညနေပိုင်းတွင် ရှန်ဟိုင်းမြို့မှ ဟန်ကျိုးမြို့သို့ အမြန်ရထားဖြင့် ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတသည် ရှန်ဟိုင်းမြို့ရှိ Hongqiao Railway Station မှ Hangzhou East Railway Station သို့ ပြေးဆွဲသည့် G253 အမြန်ရထားဖြင့် လိုက်ပါထွက်ခွာခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်မထွက်ခွာမီ ရှန်ဟိုင်းမြို့မှတာဝန်ရှိသူများက ဘူတာရုံတွင် လာရောက်ပိုဆောင် နှုတ်ဆက်ခဲ့ကြသည်။
ယခု ဟန်ကျိုးမြို့ခရီးစဉ်သည် နိုင်ငံတော်သမ္မတ၏ တရုတ်နိုင်ငံ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အတွင်း ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း ပေကျင်း၊ ရှန်ဟိုင်းနှင့် ဟန်ကျိုးမြို့များတွင် နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစီအစဉ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။