မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ စိမ်းလန်းစိုပြေရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှုတို့ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး၊ တာဝန်ရှိသူများက ယနေ့ မေ ၁၇ ရက်တွင် ကြည့်ရှုစစ်ဆေးခဲ့သည်။
နိုင်ငံတော်သမ္မတ နှင့် ဇနီးတို့က ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း(B.E FALLS)တွင် 5D LED မှန်တံတားအားဖြတ်သန်းပြီး ဆင်ကလေးများ၏ ကျွမ်းကျင်မှုနှင့်အလှပြကွက်များ၊ Dinosaur Kingdom အတွင်းခင်းကျင်းထားရှိမှုများကိုကြည့်ရှုပြီး Sky Cable Car စီးနင်းကာ အပန်းဖြေစခန်းအတွင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတက ခရီးသွားများ၊ ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် အပန်းဖြေအနားယူနိုင်ရေးအတွက် အမြဲသန့်ရှင်းသာယာလှပပြီးစိမ်းလန်းစိုပြေမှုရှိအောင်ဆောင်ရွက်ရန်၊ သဘာဝအလျောက်တည်ရှိနေသည့် သစ်ပင်ကြီးများ၊ ကျောက်တုံးများနှင့် စီးဆင်းနေသောချောင်းရေအား အရည်အသွေးမြှင့်ထိန်းသိမ်းပြီး သစ်တောဂေဟစနစ်များကိုလေ့လာနိုင်သည့်နေရာတစ်ခုအဖြစ်ဖန်တီးတည်ဆောက်ရန်၊ နိုင်ငံတကာအဆင့်မီ သဘာဝအပန်းဖြေစခန်းတစ်ခုအဖြစ်တည်ဆောက်ရန်မှာကြားသည်။
ထို့ပြင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က သုမင်္ဂလာဈေး (ညံတောဈေး)အဆင့်မြင့်ဈေးသစ်၌ ဈေးဆိုင်ခန်းများအလိုက် ဖွင့်လှစ်ရောင်းချနေမှုများကိုကြည့်ရှုပြီး ဈေးကွက်ရရှိမှုနှင့် ဈေးရောင်းချရရှိမှုတို့ကိုမေးမြန်းအား ပေးစကားပြောကြားခဲ့သည်။
ထို့အတူ အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း သန့် ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေးထိန်းသိမ်းဆောင်ရွက်ထားရှိမှု၊ ကျေးငှက်တိရိစ္ဆာန်များအား စနစ်တကျမွေးမြူပြသထားရှိမှုတို့ကိုကြည့်ရှုစစ်ဆေးပြီး အမျိုးသားကန်တော်ကြီးဥယျာဉ်သည် ပြင်ဦးလွင်မြို့၏ အထင်ကရ Land Mark နေရာတစ်ခုဖြစ်၍ ကန်များ၌ ရေများအမြဲပြည့်နေပြီး သစ်ပင်ပန်းမန်အလှအပများဖြင့် အစဉ်လှပနေစေရေးထိန်းသိမ်းဆောင်ရွက်ရန် မှာကြားသည်။
ထို့ပြင် ဒေသသို့လာရောက်သည့် ခရီးသွားအပန်းဖြေသူများ မည်သည့်အချိန်တွင်လာရောက်သည်ဖြစ်စေ စိတ်ချမ်းသာမှုရှိစေရေး ပန်းများအမြဲမပြတ်ဖူးပွင့်လှပနေအောင် စီမံဆောင်ရွက်ရန်၊ ဒေသမျိုးရင်းပန်းများဖြစ်သည့် မေမြို့ပန်းနှင့် ဂန္ဓမာပန်းတို့ကို ပိုမိုတိုးတက် စိုက်ပျိုးနိုင်ရေး မျိုးစေ့ထုတ်လုပ်ရန်နှင့် ပန်းများ၏ အရောင်အဆင်း၊ ရနံ့များ ပိုမိုကောင်းမွန်စေရေး သုတေသနပြုစိုက်ပျိုးရန် မှာကြားသည်။
ထို့အတူ ဥယျာဉ်အတွင်းပန်းများ မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ဖူးပွင့်လှပနေစေရေး Master Plan စနစ်တကျရေးဆွဲ၍ Green House များဖြင့်စိုက်ပျိုးရန်၊ ခရီးသွားများကိုပို မိုဆွဲဆောင်နိုင်ရေးနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေမှုနှင့်ညီညွတ်မျှတသည့် ရာသီဥတုကိုဖော်ဆောင်နိုင်ရေး ဝါးစိုက်ခင်းများတည်ထောင်ကာ ဝါးပင်များကြား ဝါးပင်တန်းလျှောက်လမ်းတည်ဆောက်ရန်၊ ချယ်ရီပင်များကိုတိုးချဲ့စိုက်ပျိုးရန်လည်း နိုင်ငံတော်သမ္မတက မှာ ကြားခဲ့သည်။
