အာရှချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲကစားရန်အတွက် မြောက်ကိုရီးယားနိုင်ငံမှ အမျိုးသမီးဘောလုံးအသင်းသည် ရှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တနင်္ဂနွေနေ့တွင် တောင်ပိုင်းအိမ်နီးချင်းနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။
ကိုရီးယားဘာသာစကားအရ ကျွန်ုပ်တို့ ဇာတိမြို့ ဟု အဓိပ္ပါယ်ရသော နာဂိုယန်း အမျိုးသမီးဘောလုံးအသင်းသည် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းနိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး သတင်းထောက်များနှင့် ပရိသတ်များက ကြိုဆိုပါသည်ဟူသော ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဝန်းရံခဲ့ကြသည်ဟု အေအက်ဖ်ပီသတင်းထောက်တစ်ဦးက ပြောကြားသည်။
အနက်ရောင်ဂျာကင်အင်္ကျီများနှင့် စကတ်များ ဝတ်ဆင်ထားကြသော မြောက်ကိုရီးယား ကစားသမားများနှင့် ဝန်ထမ်း စုစုပေါင်း ၃၉ ဦးသည် လေဆိပ်မှ ထွက်ခွာလာခဲ့ချိန်တွင် တောင်ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများစွာက ပရိသတ်များက ကြိုဆိုသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ကြိုဆိုခဲ့ကြသည်။
ပြုံယမ်းအခြေစိုက် နာဂိုယန်း အမျိုးသမီးဘောလုံးအသင်းသည် ဗုဒ္ဓဟူးနေ့တွင် အမျိုးသမီးအာရှချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်အဖြစ် ဆူဝမ်အက်ဖ်စီ အမျိုးသမီးအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
မြောက်ကိုရီးယားအားကစားအဖွဲ့သည် ပေကျင်းမှတဆင့် ရောက်ရှိလာခြင်းဖြစ်ကာ ဆိုးလ်မြို့တောင်ဘက် ဆူဝမ်မြို့ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုမည်ဟု မျှော်လင့်ရသည်။ ဒေသခံသတင်းများအရ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားအသင်းများသည် သီးခြားစားသောက်ခန်များနှင့် ခရီးသွားလမ်းကြောင်းများကို အသုံးပြုမည်ဖြစ်ကာ တို-က်ရို-က်ထိတွေ့ဆက်ဆံမှုကို ကန့်သတ်ထားမည်ဖြစ်သည်။
ထိုပွဲစဉ်အပေါ် စိတ်ဝင်စားမှုမြင့်မားနေပြီး လက်မှတ် ၇,၀၀၀ ကျော်သည် နာရီပိုင်းအတွင်း ရောင်းကုန်သွားခဲ့သည်။
ဆိုးလ်၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနသည် ပွဲစဉ်တွင် အသင်းနှစ်သင်းစလုံးကို အားပေးရန် စီစဉ်ထားသည့် အရပ်ဘက်အဖွဲ့အစည်းများအတွက်လည်း ရန်ပုံငွေ ထောက်ပံ့ပေးခဲ့ပြီး ယင်းပွဲကို ကိုရီးယားနှစ်နိုင်ငံအကြား အပြန်အလှန်နားလည်မှု ကို မြှင့်တင်ရန် အခွင့်အလမ်းတစ်ခုအဖြစ် ဖော်ပြခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
.
