ဖနွမ်းပင်၊ စက်တင်ဘာ ၂၂
အရှေ့တောင်အာရှဒေသတွင် အွန်လိုင်းငွေလိမ်လည်မှုနှင့် ဆက်နွှယ်သည့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ ကြီးထွားလာနေချိန်၌ တောင်ကိုရီးယားနှင့် ကမ္ဘောဒီးယားတို့၏ ပူးပေါင်းနှိမ်နင်းရေးအစီအစဉ်သည် ဒေသတွင်းနိုင်ငံများအတွက် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုပုံစံတစ်ခု ဖြစ်လာကြောင်း Khmer Times က ဖော်ပြသည်။
အွန်လိုင်းလိမ်လည်မှုကွန်ရက်များသည် ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ထိုင်းနှင့် အခြားဒေသများတွင် အခြေစိုက်လှုပ်ရှားနေပြီး အချစ်ရေးအယောင်ဆောင်လိမ်လည်မှု၊ ရင်းနှီးမြှုပ်နှံမှုအတုအယောင်၊ ဖုန်းနှင့် အွန်လိုင်းမှ လိမ်လည်မှုများမှတစ်ဆင့် နှစ်စဉ် ဒေါ်လာဘီလျံနှင့်ချီ ရရှိနေကြောင်း ဖော်ပြထားသည်။
ယင်းလုပ်ငန်းများသည် လူကုန်ကူးမှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ ငွေကြေးခဝါချမှုတို့နှင့်လည်း ဆက်နွှယ်နေပြီး INTERPOL မှတ်တမ်းများအရ အနည်းဆုံး နိုင်ငံပေါင်း ၆၆ နိုင်ငံမှ နိုင်ငံသားများ ယင်းလိမ်လည်မှုကွန်ရက်များအတွင်း ပိတ်လှောင်ခံခဲ့ရကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံသားများလည်း ကမ္ဘောဒီးယားရှိ လိမ်လည်မှုကွန်ပေါင်းများတွင် လိမ်လည်ခံရသူ၊ စည်းရုံးခံရသူ သို့မဟုတ် အဓမ္မစေခိုင်းခံရသူများအဖြစ် ပါဝင်လာခဲ့ပြီးနောက် တောင်ကိုရီးယားအစိုးရက ကမ္ဘောဒီးယားနှင့် တိုက်ရိုက်ပူးပေါင်းနှိမ်နင်းမှုများ တိုးမြှင့်ခဲ့သည်။
၂၀၂၅ ခုနှစ် အောက်တိုဘာတွင် တောင်ကိုရီးယားသမ္မတ လီဂျေမြောင်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့က ပူးတွဲတရားဥပဒေစိုးမိုးရေး အထူးတပ်ဖွဲ့ဖွဲ့စည်းရန် သဘောတူခဲ့ပြီး နိုဝင်ဘာတွင် Korea Task Force ကို စတင်ဖွဲ့စည်းလှုပ်ရှားခဲ့သည်။
အဆိုပါအဖွဲ့က သတင်းအချက်အလက် အချိန်နှင့်တစ်ပြေးညီ မျှဝေခြင်း၊ ပူးတွဲစီးနင်းဖမ်းဆီးခြင်း၊ ဒစ်ဂျစ်တယ်မှုခင်းစစ်ဆေးခြင်းနှင့် ပိတ်လှောင်ခံရသူများ ကယ်ဆယ်ရေးတို့ကို ဆောင်ရွက်ခဲ့ရာ ပထမနှစ်လအတွင်း လူ ၁၃၀ နီးပါး ဖမ်းဆီးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့နောက် ပူးတွဲစစ်ဆင်ရေးများ ဆက်လက်ပြုလုပ်ခဲ့ရာ ကမ္ဘောဒီးယားရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့် ဆက်နွှယ်၍ ကိုရီးယားနိုင်ငံသားများ ဒုက္ခရောက်ခြင်း သို့မဟုတ် ပိတ်လှောင်ခံရခြင်းဆိုင်ရာ အစီရင်ခံမှုများ ၉၀ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ကြောင်း Khmer Times က ဖော်ပြသည်။
အွန်လိုင်းလိမ်လည်မှုကွန်ရက်များသည် နိုင်ငံတစ်နိုင်ငံတွင် ဖိအားပေးနှိမ်နင်းခံရပါက အခြားနယ်မြေများသို့ အလွယ်တကူ ရွှေ့ပြောင်းလှုပ်ရှားနိုင်သဖြင့် နိုင်ငံတစ်နိုင်ငံတည်း၏ နှိမ်နင်းမှုဖြင့် ဖြေရှင်းရန် ခက်ခဲနေဆဲဖြစ်သည်။
ထို့ကြောင့် ASEAN၊ INTERPOL နှင့် သက်ဆိုင်ရာနိုင်ငံများအကြား သတင်းအချက်အလက်မျှဝေခြင်း၊ တရားမဝင်ငွေကြေးစီးဆင်းမှုကို ခြေရာခံတားဆီးခြင်းနှင့် ပူးတွဲစစ်ဆင်ရေးများ ပိုမိုတိုးမြှင့်ရန် လိုအပ်ပြီး တောင်ကိုရီးယား-ကမ္ဘောဒီးယား ပူးပေါင်းဆောင်ရွက်မှုပုံစံသည် ယင်းကဲ့သို့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ နှိမ်နင်းရာတွင် ဒေသတွင်းအတွက် စံနမူနာတစ်ခုဖြစ်လာကြောင်း ဖော်ပြထားသည်။
Ref: Khmer Times
