ရန်ကုန်၊ စက်တင်ဘာ ၁၆
ဒုတိယအကြိမ် မြန်မာ့မော်တော်ယာဉ်နှင့် အပိုပစ္စည်းပြပွဲ Myanmar Auto & Parts Expo 2026 ကို စက်တင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ရန်ကုန်မြို့ရှိ Yangon Convention Centre (YCC) ၌ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
အဆိုပါပြပွဲတွင် မော်တော်ယာဉ်နှင့် အပိုပစ္စည်းကဏ္ဍမှ လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများ၊ ဖြန့်ချိသူများနှင့် လုပ်ငန်းမိတ်ဖက်များ ပါဝင်မည်ဖြစ်ပြီး မော်တော်ယာဉ်နှင့် အပိုပစ္စည်းဆိုင်ရာ ထုတ်ကုန်များ၊ နည်းပညာများနှင့် လုပ်ငန်းအခွင့်အလမ်းများကို ခင်းကျင်းပြသသွားမည်ဖြစ်သည်။
ပြပွဲမှတစ်ဆင့် မော်တော်ယာဉ်နှင့် ဆက်စပ်ကဏ္ဍများအတွင်းရှိ လုပ်ငန်းရှင်များအကြား ချိတ်ဆက်တွေ့ဆုံနိုင်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးနှင့် လုပ်ငန်းအခွင့်အလမ်းသစ်များ ရှာဖွေနိုင်ရေးတို့အတွက်လည်း အခွင့်အလမ်းများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
Myanmar Auto & Parts Expo 2026 တွင် မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းက ပံ့ပိုးကူညီသည့်အဖွဲ့အစည်း (Supported Organization) အဖြစ် ပါဝင်ဆောင်ရွက်မည်ဖြစ်ပြီး ယင်းအတွက် Silver Sea ကုမ္ပဏီနှင့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးထားကြောင်း သိရသည်။
