ယနေ့ကျရောက်သည့် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာနေ့) ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ “သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီး” ရင်ပြင်တော်ပေါ်၌ ဆီမီးပူဇော်သူများ၊ ဓမ္မစကြာတရားတော် ရွတ်ဖတ်ပွားများသူများနှင့် အထူးပင် ကြည်နူးသပ္ပါယ်လျက်ရှိသည်။
သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီးသည် ၁၉၅၂ ခုနှစ်တွင် ကျင်းပခဲ့သည့် ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးကို အကြောင်းပြု၍ ကမ္ဘာပေါ်ရှိ စစ်မီးများ ငြိမ်းအေးပြီး မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး ငြိမ်းချမ်းသာယာအေးမြပါစေခြင်း ငြိမ်းချမ်းရေး မင်္ဂလာနိမိတ်အဖြစ် အေးမြသော ဘွဲ့မည်တော် “ကမ္ဘာအေး” ဟု ကိန်းဝပ်စံပယ် သမုတ်တည်ထားခဲ့သည့် သမိုင်းဝင် စေတီတော်မြတ်ကြီး ဖြစ်သည်။
ယနေ့ ဓမ္မစကြာနေ့ထူးနေ့မြတ် တွင်ကမ္ဘာသူ ကမ္ဘာသားအပေါင်းနှင့် စေတနာရှင် ပြည်သူများအားလုံး စစ်မီးနှင့် ဘေးဥပါဒ်အပေါင်းမှ ကင်းဝေးကာ “ကမ္ဘာကြီး ငြိမ်းချမ်းအေးမြပါစေ” ဟူသည့် နိမိတ်မြတ်ကို အဓိဋ္ဌာန်ပြုလျက် ကုသိုလ်ပြုနေနေကြသဖြင့် စေတီတော်အနီးတစ်ဝိုက် ငြိမ်းအေးကြည်နူးဖွယ် သာသနာ့အလင်းရောင် ထိန်ထိန်သာလျက် ရှိကြောင်း သိရသည်။
