အစိုးရအရာရှိဝန်ထမ်းစားမေးပွဲ လိမ်လည်မှုအရှုပ်တော်ပုံတွင် အဓိကသံသယရှိသူအားလုံးကို ဖမ်းဆီးထားပြီး ၎င်းတို့နှင့် ပူးပေါင်းကြံစည်သော အရာရှိများကို တရားစွဲဆိုမည်ဖြစ်ကာ စာမေးပွဲလိမ်လည်မှုတွင် ပါဝင်သူများကို အလုပ်ထုတ်မည်ဖြစ်ကြောင်း ထိုင်းအစိုးရ အကြီးတန်းအရာရှိများက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
တစ်နိုင်ငံလုံးရှိ ဒေသန္တရအစိုးရဝင်ခွင့်စာမေးပွဲရလဒ်များကို လိမ်လည်ရာတွင် အဓိကသံသယရှိသူ သုံးဦးကို ဖမ်းဆီးထားပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးလည်းဖြစ်သူ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က ပြောကြားခဲ့သည်။
ရဲစုံစမ်းစစ်ဆေးရေးမှူးများသည် အထောက်အထားများကို စုဆောင်းနေကာ ၎င်းတို့နှင့်ပတ်သက်သည့် အမှုအပြည့်အစုံကို စုစည်းနေဆဲဖြစ်သည်။ အမှန်တရားကို လူထုသို့ ထုတ်ဖော်အသိပေးသွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။
Kasetsart တက္ကသိုလ် ရာထူးတိုးရေးနှင့် လေ့ကျင့်သင်ကြားရေးရုံး ညွှန်ကြားရေးမှူး၏ အကြံပေး ဝင်း ထာနာပါချရာဖူကင်၊ ၎င်း၏ ညီမ ဆတ်တာပွန် ထာနာပါချရာဖူကင်နှင့် ဖက်ချဘွန်ပြည်နယ် ဝီချီယန်ဘူရီမြူနီစီပယ်၏ မဟာဗျူဟာနှင့် ဘတ်ဂျက်ဌာနခွဲ၏ ညွှန်ကြားရေးမှူးဟောင်း ဖီချစ် ထန်ဖရွမ်တို့ကို ဖမ်းဆီးပြီးနောက်တွင် ဝန်ကြီးချုပ်၏ မှတ်ချက်များထွက်လာခြင်းဖြစ်သည်။
ပြည်ထဲရေးဝန်ကြီးအနေဖြင့် မစ္စတာ အနူတင်သည် အရှုပ်တော်ပုံ၏ ဗဟိုချက်ဖြစ်သော ဒေသန္တရအုပ်ချုပ်ရေးဌာန(ဒီအယ်လ်အေ) ကို ကြီးကြပ်သည်။
အဓိကသံသယရှိသူ သုံးဦးသည် စာမေးပွဲဖြေဆိုသူ ထောင်ပေါင်းများစွာ၏ ရမှတ်များကို ပြောင်းလဲရန်အတွက် နွန်ထာဘူရီပြည်နယ်ရှိ မစ္စတာ ဖီချစ်၏ နေအိမ်တွင် အစိုးရဝန်ထမ်း ၁၁ ဦးကို စီစဉ်ပေးခဲ့သည်။
ထိုအရာရှိ ၁၁ ဦးသည် အဓိကသံသယရှိသူများကို စွဲဆိုထားသည့် စွဲချက်သုံးခုဖြစ်သည် တရားမဝင် စုဝေးမှု၊ စာရွက်စာတမ်းအတုပြုလုပ်မှုနှင့် ကွန်ပျူတာစနစ်ထဲသို့ မှားယွင်းသော အချက်အလက်များ ထည့်သွင်းမှုတို့ဖြင့် လာမည့်အပတ်တွင် တရားရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုနှစ်တွင် ခန့်အပ်ခဲ့သော ဝန်ထမ်း ၁၅,၀၀၀ အနက် ဒေသန္တရအစိုးရအရာရှိသစ် ၅,၀၀၀ ခန့်၏ စာမေးပွဲရမှတ်များတွင် မသမာမှုများတွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် အန်ဆစ် ဆမ်ပွန်ထာရတ်က ပြောကြားခဲ့သည်။ ၎င်းတို့သည် ၎င်းတို့အလုပ်အကိုင်များ ဆုံးရှုံးနိုင်ခြေရှိသည်။
စာမေးပွဲလိမ်လည်မှုတွင် ပါဝင်ပတ်သက်သူအားလုံးသည် ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ၎င်းက အတည်ပြုပြောကြားခဲ့သည်။
ဒီအယ်လ်အေတွင် ရာထူးနေရာ ၆,၇၀၀ ကိုဖြည့်ဆည်းရန် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ပြုလုပ်ခဲ့သော စာမေးပွဲတွင် လူပေါင်း ၄ သိန်းခန့် ဖြေဆိုခဲ့ကြသည်။ ဖြေဆိုသူ ထောင်ပေါင်းများစွာသည် အောင်မြင်သောအဆင့်ကို ရရှိရန်အတွက် လိုချင်သော ရာထူးနေရာအပေါ် မူတည်၍ ဘတ် ၃ သိန်းခွဲမှ ၈ သိန်းအထိ လာဘ်ငွေပေးခဲ့ကြကြောင်း သိရသည်။
Ref: ဘန်ကောက်ပို့စ်
