ဝါရှင်တန်၊ စက်တင်ဘာ ၁၄
အမေရိကန်နိုင်ငံတွင် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရန် နှစ်လပင် မလိုတော့သည့်အချိန်၌ သမ္မတ ဒေါ်နယ်ထရမ့်ပ်အစိုးရက စာတိုက်မှတစ်ဆင့် မဲပေးမှုအပေါ် ချမှတ်ရန် ကြိုးပမ်းထားသည့် ကန့်သတ်ချက်အသစ်များကို အမေရိကန်တရားလွှတ်တော်ချုပ်က တနင်္လာနေ့တွင် ပယ်ချခဲ့သည်။
ပြည်နယ်နှင့် ဒေသဆိုင်ရာ ရွေးကောက်ပွဲတာဝန်ရှိသူများအနေဖြင့် ရွေးကောက်ပွဲမတိုင်မီ စည်းမျဉ်းအသစ်ကို ပုံမှန်အတိုင်း အကောင်အထည်ဖော်ရန် အချိန်လုံလောက်မှုမရှိသဖြင့် ၂၀၂၆ ခုနှစ် ရွေးကောက်ပွဲများတွင် ယင်းစည်းမျဉ်းကို ကျင့်သုံးခြင်းသည် အုပ်ချုပ်ရေးလုပ်ထုံးလုပ်နည်းအက်ဥပဒေကို ချိုးဖောက်ရာရောက်နိုင်ကြောင်း ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။
ယခုဆုံးဖြတ်ချက်ကြောင့် အမေရိကန်စာတိုက်လုပ်ငန်း (USPS) အနေဖြင့် မဲလက်မှတ်များကို လက်ရှိလုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ပို့ဆောင်နိုင်မည်ဖြစ်သည်။
သမ္မတထရမ့်ပ်သည် မတ်လ ၃၁ ရက်တွင် မဲပေးပိုင်ခွင့်ရှိသည့် အမေရိကန်နိုင်ငံသားများ၏ ပြည်နယ်အလိုက်စာရင်းများ ပြုစုရေးအတွက် ဖက်ဒရယ်အေဂျင်စီများကို ညွှန်ကြားသည့် အုပ်ချုပ်ရေးအမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
ယင်းအမိန့်အရ ပြည်နယ်များက ပေးပို့ထားသည့် စာရင်းတွင် ပါဝင်သော မဲဆန္ဒရှင်များထံသာ စာတိုက်မှ မဲလက်မှတ်များ ပေးပို့နိုင်မည့်စနစ်တစ်ရပ် ဖော်ဆောင်ရန် USPS ကို ညွှန်ကြားထားသည်။
အဆိုပါအမိန့် ထုတ်ပြန်ပြီးနောက် အဖွဲ့အစည်းအများအပြားနှင့် ကယ်လီဖိုးနီးယားပြည်နယ် ဦးဆောင်သည့် ပြည်နယ်အုပ်စုတစ်စုက မက်ဆာချူးဆက်ခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ကြပြီး ခရိုင်တရားရုံးက ယင်းအမိန့် အကောင်အထည်ဖော်မှုကို တားဆီးသည့် ပိတ်ပင်မိန့်များ ထုတ်ပြန်ခဲ့သည်။ ယခုအခါ အမေရိကန်တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်ကြောင့် အဆိုပါပိတ်ပင်မှု ဆက်လက်တည်ရှိမည်ဖြစ်သည်။
ပိတ်ပင်ခံထားရသည့် USPS အစီအစဉ်အရ ပြည်နယ်များက မဲဆန္ဒရှင်များ၏ အမည်နှင့် လိပ်စာများကို ပေးပို့ရမည်ဖြစ်ပြီး စာတိုက်မှ ပို့ဆောင်သည့် မဲလက်မှတ်စာအိတ်များတွင် သီးသန့်ဘားကုဒ်များ အသုံးပြုရမည်ဖြစ်သည်။
National Public Radio (NPR) ၏ ဖော်ပြချက်အရ အလာဘားမား၊ မြောက်ကာရိုလိုင်းနားနှင့် ဝစ်စကွန်ဆင် အပါအဝင် ပြည်နယ်အချို့တွင် စာတိုက်မှတစ်ဆင့် မဲပေးမှုများ စတင်နေပြီဖြစ်သည်။ ရွေးကောက်ပွဲများကို အဓိကအားဖြင့် စာတိုက်မှတစ်ဆင့် ကျင်းပသည့် ဟာဝိုင်ယီ၊ အော်ရီဂွန်နှင့် ဝါရှင်တန်ပြည်နယ်တို့တွင်လည်း စာတိုက်မှ မဲပေးမှုများ မကြာမီ စတင်မည်ဖြစ်သည်။
Ref: Xinhua
