အင်ဒိုနီးရှားနိုင်ငံ၏ ဘဏ္ဍာရေးမူဝါဒနှင့် အစိုးရအသုံးစရိတ်များအပေါ် စိုးရိမ်မှုများ မြင့်တက်နေပြီး ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ပြန်လည်ရရှိရေး ကြိုးပမ်းနေချိန်တွင် သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ဘဏ္ဍာရေးဝန်ကြီး ပူရ်ဘာယာ ယူဒီ ဆာဒီဝါကို ရာထူးမှဖယ်ရှားကာ ဒုတိယဘဏ္ဍာရေးဝန်ကြီး ဆူဟာဆီလ် နာဇာရာကို အစားထိုးခန့်အပ်လိုက်သည်။
အသက် ၅၅ နှစ်အရွယ် စီးပွားရေးပညာရှင် ဆူဟာဆီလ်သည် ၂၀၁၉ ခုနှစ်ကတည်းက ဒုတိယဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သမ္မတပရာဘိုဝို ၂၀၂၄ ခုနှစ် အောက်တိုဘာတွင် အာဏာရလာပြီးနောက် ဘဏ္ဍာရေးဝန်ကြီးရာထူးကို ရယူသည့် တတိယမြောက်ပုဂ္ဂိုလ် ဖြစ်လာသည်။
ဆူဟာဆီလ်သည် စက်တင်ဘာ ၁၄ ရက်က ဂျကာတာမြို့ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ကျမ်းသစ္စာကျိန်ဆို၍ ရာထူးလက်ခံခဲ့သည်။
ရာထူးလက်ခံပြီးနောက် နိုင်ငံတော်ဘတ်ဂျက်၏ ယုံကြည်စိတ်ချရမှုကို ထိန်းသိမ်းရေးသည် အဓိကဦးစားပေးဖြစ်ကြောင်း ဆူဟာဆီလ်က ပြောကြားခဲ့ပြီး ဘဏ္ဍာရေးလိုငွေပြမှုကို ဂျီဒီပီ၏ ၃ ရာခိုင်နှုန်းအောက်တွင် ဆက်လက်ထိန်းသိမ်းသွားမည်ဟု ဆိုသည်။
ပူရ်ဘာယာသည် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၈ ရက်က ဝါရင့်ဘဏ္ဍာရေးဝန်ကြီး သီရိ မူလျာနီ အင်ဒရာဝါတီ၏နေရာတွင် အစားထိုးခန့်အပ်ခံခဲ့ရပြီး တာဝန်ထမ်းဆောင်မှု တစ်နှစ်ကျော်အကြာတွင် ရာထူးမှ ဖယ်ရှားခံခဲ့ရခြင်းဖြစ်သည်။
ပရာဘိုဝိုအစိုးရ၏ ဘဏ္ဍာရေးမူဝါဒ၊ အသုံးစရိတ်တိုးမြှင့်မှုနှင့် လောင်စာဆီထောက်ပံ့ကြေးများအပေါ် စိုးရိမ်မှုများရှိနေသလို အခမဲ့ကျောင်းအစားအစာအစီအစဉ်ကဲ့သို့ ကုန်ကျစရိတ်ကြီးမားသည့် အစိုးရ၏ ဦးစားပေးအစီအစဉ်များအတွက် ရန်ပုံငွေရှာဖွေမှုအပေါ်လည်း မေးခွန်းထုတ်မှုများ ရှိနေသည်။
ဆူဟာဆီလ်ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်မှုသည် ဘဏ္ဍာရေးစည်းကမ်းနှင့် မူဝါဒတည်ငြိမ်မှုအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် လေ့လာသုံးသပ်သူများက ရှုမြင်ထားကြသည်။
Ref: Reuters
