၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုနှင့် အမျိုးသားရွှေတံ ဆိပ်ဆု ရရှိခဲ့သည့် မွန်ပြည်နယ်ပိုက်ကျော်ခြင်းအသင်းများကို ဂုဏ်ပြုကြိုဆိုပွဲနှင့် ဂုဏ်ပြုဆုငွေ ပေးအပ်ပွဲကို မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ရာမညခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် မွန်ပြည်နယ်အမျိုးသမီးပိုက်ကျော်ခြင်းအသင်းက တံခွန်စိုက်ဒိုင်းဆု ရရှိခဲ့ပြီး အမျိုးသားပိုက်ကျော်ခြင်းအသင်းက ရွှေတံဆိပ်ဆု ရရှိခဲ့ခြင်းဖြစ်သည်။
အောင်ပွဲရအသင်းများကို စက်တင်ဘာ ၃ ရက် မွန်းလွဲပိုင်းတွင် သံလွင်တံတား (မော်လမြိုင်) မုတ္တမဘက်ခြမ်း၌ ပြည်နယ်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်) မှ သင်တန်းသား၊ သင်တန်းသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် အား ကစားဝါသနာရှင်များက ပန်းစည်း၊ ပန်းကုံးများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ဂုဏ်ပြုအမှာစကား ပြောကြားပြီး အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုရ မွန်ပြည်နယ်ပိုက်ကျော်ခြင်းအသင်းက ဆုဖလားကို ပြန်လည်အပ်နှံခဲ့ကာ အောင်ပွဲရ ပိုက်ကျော်ခြင်းအသင်းများအား ဂုဏ်ပြုဆုငွေ စုစုပေါင်း ကျပ်သိန်း ၂၅၀ ချီးမြှင့်ခဲ့သည်။
အဆိုပါဆုငွေများအနက် ပြည်နယ်ဝန် ကြီးချုပ်က ကျပ်သိန်း ၄၀၊ ပြည်နယ်အ စိုးရအဖွဲ့မှ ကျပ်သိန်း ၂၀၊ ငွေမိုးလုပ်ငန်းစုမှ ကျပ်သိန်း ၁၅၊ Dragon Emperor Group မှ ကျပ်သိန်း ၂၅ နှင့် မွန်ပြည်နယ်ပိုက်ကျော်ခြင်းဆပ်ကော်မတီမှ ကျပ်သိန်း ၁၅၀ အသီးသီး ချီးမြှင့်ခဲ့ကြောင်းသိရသည်။
