၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရန်ပုံငွေခွင့်ပြုချက်အရ တိုင်းနှင့် ပြည်နယ်(၉)ခုတွင် ဆိုလာစနစ်သုံး ရေတင်စီမံကိန်း (၄၃)ခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက ပြောကြားသည်။
ဇွန် ၂၅ ရက်က ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၀)ရက်မြောက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၄) ဦးအောင်ကျော်မင်း၏ “တောင်သူလယ်သမားများ၏ စွမ်းအင်လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ/မရှိ” ဟူသည့် ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဝန်ကြီးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစတင်၍ နှစ်စဉ် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေနှင့် တိုင်းနှင့် ပြည်နယ်အစိုးရရန်ပုံငွေများဖြင့် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း (၁၄)ခုနှင့် လျှပ်စစ်-ဆိုလာပေါင်းစပ်စနစ်ဖြင့် လုပ်ငန်း (၄၂)ခုကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားသည်။
ထို့ပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တိုင်းနှင့် ပြည်နယ်(၆)ခုရှိ တောင်သူတစ်ဦးချင်းအတွက် ဆိုလာစက်ရေတွင်း (၃၇၄)တွင်းနှင့် ဘတ်ဂျက်ရန်ပုံငွေဖြင့် ဆိုလာရေတင်လုပ်ငန်း (၆)ခုကို ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ထို့အတူ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကလည်း တိုင်းနှင့် ပြည်နယ်(၁၂)ခုရှိ မြို့နယ်(၉၁)မြို့နယ်မှ ကျေးရွာ(၃၁၇)ရွာအတွက် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း (၅၄၀)ခုကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆိုလာရေတင်လုပ်ငန်း (၅၀)ခုနှင့် တိုင်းနှင့် ပြည်နယ်အစိုးရရန်ပုံငွေများဖြင့် လုပ်ငန်း (၄၁)ခုကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့အပြင် အရည်အသွေးမီ ဆိုလာရေတင်စနစ်များကို ဝယ်ယူလိုသည့် တောင်သူများအတွက် ရောင်းချသည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များနှင့် အရောင်းဆိုင်များမှတစ်ဆင့် အရစ်ကျစနစ် သို့မဟုတ် သက်သာသော အတိုးနှုန်းဖြင့် ဝယ်ယူနိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက ပြောကြားခဲ့သည်။
