အခုဆိုရင် တရုတ်နိုင်ငံမှာ အင်ဂျင်နီယာကျောင်းသားတွေဟာ ဘွဲ့လွန်ကျမ်း(dissertation) တင်စရာမလိုဘဲ တကယ့်လက်တွေ့အသုံးချလို့ရတဲ့ ထုတ်ကုန်တွေကို ဖန်တီးပြီး PhD ဘွဲ့ ယူလို့ရနေပါပြီ။
တရုတ်နိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့ နည်းပညာပိတ်ဆို့မှုကို တုံ့ပြန်ဖို့နဲ့ ပညာရေးသုတေသနတွေနဲ့ စီးပွားရေးလက်တွေ့နယ်ပယ်ကြားက ကွာဟချက်ကို ပေါင်းကူးပေးဖို့အတွက် အဆင့်မြင့်ပညာရေးရဲ့ စည်းမျဉ်းစည်းကမ်းတွေကို အပြည့်အဝ ပြောင်းလဲပြင်ဆင်နေတာပါ။ ၂၀၂၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့ အမျိုးသားဘွဲ့နှင်းဥပဒေအရ နည်းပညာပိုင်းဆိုင်ရာ ဒေါက်တာဘွဲ့လျှောက်မယ့်သူတွေကို ပုံမှန်လုပ်နေကျဖြစ်တဲ့ ဘွဲ့လွန်ကျမ်းပြုစုခြင်းကို ကျော်ဖြတ်နိုင်မယ့် လမ်းကြောင်းနှစ်သွယ် ပညာရေးစနစ်ကို စတင်လိုက်တာ ဖြစ်ပါတယ်။
အဲဒီအစား ကျောင်းသားတွေကို တကယ်ထိတွေ့လို့ရတဲ့ လက်တွေ့ကမ္ဘာက တီထွင်ဆန်းသစ်မှုတွေအပေါ်မှာ မူတည်ပြီး အကဲဖြတ်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် တကယ်အလုပ်လုပ်နိုင်တဲ့ ထုတ်ကုန်တွေ၊ ဆန်းသစ်တဲ့ စက်မှုနည်းပညာတွေ ဒါမှမဟုတ် အဓိက အင်ဂျင်နီယာစနစ်ကြီးတွေ ဖြစ်ပြီး ဒါတွေကို စာသားအစီရင်ခံစာတစ်ခု၊ ပြီးတော့ နှုတ်ဖြေစာမေးပွဲတစ်ခုနဲ့ တွဲဖက်ပြီး စစ်ဆေးသွားမှာပါ။
မကြာသေးခင်ကပဲ ထူးထူးချွန်ချွန် ဘွဲ့ရသွားတဲ့ ကျောင်းသားတစ်ယောက်ဆိုရင် လီဂို(Lego) ရုပ်ဆက်ကစားစရာလိုမျိုး တစ်ခုနဲ့တစ်ခု ချိတ်ဆက်လို့ရတဲ့ အားဖြည့်စတီးတုံးတွေကို တီထွင်ပြီး ဒေါက်တာဘွဲ့ ရသွားခဲ့တာပါ။ အဲဒီစတီးတုံးတွေကို ယန်စီမြစ်ကူးတံတားကြီးတစ်ခုရဲ့ တည်ဆောက်ရေး အဓိက အစိတ်အပိုင်းတွေအဖြစ် တကယ်ပဲ အသုံးပြုနေပြီ ဖြစ်ပါတယ်။
ဒီလို လက်တွေ့ဆန်တဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြန်မြန်ဆန်ဆန် ပြန့်နှံ့နေပြီး အနည်းဆုံး တရုတ်တက္ကသိုလ် ၅၉ ခုမှာ ဘွဲ့ပေးတဲ့စည်းကမ်းချက်တွေကို လိုက်လံပြင်ဆင်နေကြပါပြီ။
အစပိုင်းမှာတော့ ဆီမီးကွန်ဒတ်တာ၊ AI နဲ့ အဆင့်မြင့်ကုန်ထုတ်လုပ်မှုလိုမျိုး အရေးကြီးပြီး ပိတ်ဆို့ခံထားရတဲ့ နယ်ပယ်တွေမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် အပြည့်အဝ ရပ်တည်နိုင်ဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ အခုဆိုရင် ဒီလက်တွေ့ကျတဲ့ PhD လမ်းကြောင်းဟာ စိုက်ပျိုးရေးနဲ့ စာပေဖန်တီးမှု(creative writing) လိုမျိုး ကွဲပြားခြားနားတဲ့ နယ်ပယ်တွေထဲအထိပါ တဖြည်းဖြည်း ပျံ့နှံ့လာနေပါတယ်။
စာတမ်းထုတ်ဝေနိုင်တဲ့ အရေအတွက်သက်သက်ထက် ဈေးကွက်ထဲ တကယ်အသုံးချနိုင်မယ့် ဖြေရှင်းချက်တွေနဲ့ လက်တွေ့မူပိုင်ခွင့်တွေကို ဦးစားပေးခြင်းအားဖြင့် တရုတ်နိုင်ငံဟာ စက်မှုလုပ်ငန်းခွင်အတွက် အသင့်ဖြစ်နေတဲ့ နည်းပညာစစ်သည်တော်အသစ်တွေကို မွေးထုတ်ပေးဖို့ ပြင်ဆင်နေကြပါတယ်။
Ref – Peng, D. China’s new tech war tactics: PhD students can now graduate with product instead of thesis. South China Morning Post.
