တရုတ်နိုင်ငံ၌ ကျင်းပခဲ့သည့် 2026 China International Sepaktakraw Open နိုင်ငံတကာပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးပိုက်ကျော်ခြင်းအသင်းက ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်က ထုတ်ပြန်သည်။
အဆိုပါပြိုင်ပွဲကို တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်တွင် ဇွန် ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းသည် အမျိုးသမီးလေးယောက်တွဲ (Women Quadrant Event) ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုနှင့် အမျိုးသမီးသုံးယောက်တွဲ (Women Regu Event) ပြိုင်ပွဲ၌ ကြေးတံဆိပ်ဆုတို့ကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။
အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ငါးသင်းဖြင့် အုပ်စုပတ်လည်ယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းသည် ထိုင်း၊ ကွေ့ကျိုး (တရုတ်)၊ လာအိုနှင့် တရုတ်အသင်းတို့ကို အနိုင်ယူကာ ရွှေတံဆိပ်ဆုကို ရရှိခဲ့သည်။
ထို့ပြင် အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲတွင်လည်း ထိုင်း၊ ကွေ့ကျိုး (တရုတ်)၊ လာအိုနှင့် တရုတ်အသင်းတို့နှင့် ယှဉ်ပြိုင်ခဲ့ပြီး ကြေးတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးပိုက်ကျော်ခြင်းအသင်းသည် ယခုနိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲ၌ ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူးနိုင်ခြင်းဖြင့် နိုင်ငံတကာပြိုင်ပွဲများတွင် ဆက်လက်အောင်မြင်မှုရရှိခဲ့ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
