အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့၌ ဇွန်လ ၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် “မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ” (Myanmar-India Business Dialogue) သို့ တက်ရောက်လာကြသည့် အိန္ဒိယထိပ်သီး စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အထူးစိတ်ဝင်စားလျက်ရှိပြီး လုပ်ငန်းဆောင်ရွက်ရန် အခြေအနေကောင်းများရှိပါက အမေရိကန်ဒေါ်လာ သန်းရာချီ ရင်းနှီးမြှုပ်နှံသွားရန် အသင့်ရှိကြောင်း ပြောကြားခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှနိုက်ငံတော်သမ္မတ ၊နိုင်ငံတော်အဆင့် ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ UMFCCI မှ တာဝန်ရှိသူများ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး၊ အိန္ဒိယနိုင်ငံ၏ ကုန်သွယ်ရေးနှင့် စက်မှုလက်မှုကဏ္ဍမှ ထိပ်သီးခေါင်းဆောင်များနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားသည့် အဓိကအချက်များမှာ –
လုပ်ငန်းဖြစ်နိုင်ခြေအပေါ် ယုံကြည်မှု
မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်တွေ့ကျကျ ဖြစ်နိုင်ခြေရှိပြီး (Feasible) အဆင်ပြေချောမွေ့မှုရှိပါက ကြီးမားသော ပမာဏဖြစ်သည့် ဒေါ်လာသန်းရာချီကို ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ထားကြခြင်းဖြစ်သည်။
ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု
အိန္ဒိယလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု၊ စွမ်းအင်၊ နည်းပညာနှင့် စိုက်ပျိုးရေးအခြေခံ စက်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် ပိုမိုစိတ်အားထက်သန်နေကြသည်။
စီးပွားရေးမိတ်ဖက် ဆက်ဆံရေး
ယခုကဲ့သို့ မွန်ဘိုင်းမြို့တွင် ကျင်းပသည့် ဆွေးနွေးပွဲများသည် နှစ်နိုင်ငံလုပ်ငန်းရှင်များအကြား တိုက်ရိုက်ချိတ်ဆက်နိုင်ရုံသာမက မြန်မာ့စီးပွားရေးကဏ္ဍသစ်များအတွက် အားကောင်းသော ရင်းနှီးမြှုပ်နှံမှု အလားအလာများကို ဖော်ဆောင်ပေးနိုင်မည့်အလားအလာများရှိခဲ့သည်။
မြန်မာ-အိန္ဒိယ စီးပွားရေး မျှော်လင့်ချက်
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးပါသော အိမ်နီးနားချင်း စီးပွားရေးမိတ်ဖက်နိုင်ငံဖြစ်ပြီး မွန်ဘိုင်းကဲ့သို့သော စီးပွားရေးအချက်အချာကျသည့် မြို့ကြီးတွင် ယခုကဲ့သို့ ဆွေးနွေးပွဲများ ပြုလုပ်နိုင်ခြင်းက ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြန်လည်စီးဝင်လာစေရန် အထောက်အကူပြုမည်ဖြစ်သည်။ အထူးသဖြင့် ဒေါ်လာသန်းရာချီသည့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများနှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများအတွက် များစွာအကျိုးရှိစေမည်ဟု စီးပွားရေးလေ့လာသူများက သုံးသပ်ထားကြသည်။
ဒေါ်လာသန်းရာချီသည့် FDI များ ဆွဲဆောင်နိုင်ရန် မြန်မာနိုင်ငံက ပြင်ဆင်ထားရမည့် အချက်များ
၁။ ကုန်သွယ်ရေးနှင့် ငွေပေးချေမှုစနစ် အဆင်ပြေချောမွေ့အောင် ဖော်ဆောင်ခြင်း
ဒေသတွင်းသုံးငွေကြေးစနစ်ကို အားကောင်းစေခြင်း
အမေရိကန်ဒေါ်လာ ကန့်သတ်ချက်များကို ကျော်လွှားနိုင်ရန် လက်ရှိဆွေးနွေးနေဆဲဖြစ်သည့် ရူပီး-ကျပ် (Rupee-Kyat) တိုက်ရိုက်ငွေပေးချေမှုစနစ်၏ထိရောက်မှုရှိခြင်းကို အိန္ဒိယဖက်က ပိုမျှော်လင့်ကြသည်။
ဗဟိုဘဏ်မူဝါဒ
နိုင်ငံခြားငွေလဲလှယ်နှုန်း မူဝါဒများနှင့် အမြတ်ငွေ ပြန်လည်လွှဲပြောင်းခွင့် (Profit Repatriation) ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြတ်သားပြီး တည်ငြိမ်မှုရှိအောင် ဖန်တီးပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို တည်ဆောက်ရပါမည်။လက်ရှိတွင် ငွေလဲနှုန်း ၃ မျိုးခန့်ဖြစ်နေခြင်းကလည်း ရင်းနှီးမြှုပ်နှံသူများတုံ့ဆိုင်းနေစေသေးသည်။မြန်မာ့ငွေကြေးစျေးကွက်ကို နိုင်ငံတကာ ငွေကြေးစျေးကွက်ထဲ ဝင်ရောက်နိုင်ရေး နည်းပညာ အကူအညီများ ပေးလာမည့်နိုင်ငံများလည်းရှိလာနိုင်သဖြင့် မကြာမီတွင် အခြေအနေကောင်းများပေါ်ထွက်လာနိုင်မည်ဟုမျှော်လင့်ကြသည်။
နိုင်ငံခြားသားများကပြည်တွင်းတွင် ဟော်တယ်တည်းခြင်းနှင့် ခရီးသွားလက်မှတ်စျေးနူန်းများကလည်း နိုင်ငံသားတို့၏ အခွင့်အရေးနှင့်ကွာခြားမှုရှိနေခြင်းအပေါ်လည်း ခရီးသွားလုပ်ငန်းများက ဒေသတွင်း package စျေးများနှင့်ယှဥ်ရွေးစရာ ဖြစ်စေသည်ဟုသုံးသပ်ကြသည်။
၂။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးခြင်း
One-Stop Service (OSS) အားကောင်းစေခြင်း
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စတင်ရန် ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ မြေယာအသုံးပြုခွင့်နှင့် ပါမစ်လျှောက်ထားခြင်း လုပ်ငန်းစဉ်များကို ဗျူရိုကရေစီစနစ် လျှော့ချပြီး တစ်နေရာတည်းတွင် မြန်မြန်ဆန်ဆန် ပြီးပြတ်နိုင်မည့် ဒစ်ဂျစ်တယ် OSS စနစ်ကို အဆင့်မြှင့်ဖို့မျှော်လင့်ကြသည်။
အခွန်ဆိုင်ရာ သက်ညှာခွင့်များပေးခြင်း
အထူးသဖြင့် ကုန်ထုတ်လုပ်မှု (Manufacturing) နှင့် အခြေခံအဆောက်အအုံကဏ္ဍကြီးများတွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းကြီးများကို ရေရှည်စီမံကိန်းအလိုက် ကနဦး အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်များကိုပေးလေ့ရှိသော်လည်း ဒေသတွင်းနိုင်ငံများ၏ မက်လုံးအပြိုင်ပေးမှုကိုယှဥ်စဥ်းစားပြီးဆွဲဆောင်နိုင်မှ မိမိနိုင်ငံတွင် လာရောက်လုပ်ကိုင်ကြမည်ဖြစ်သည်။
၃။ မဟာဗျူဟာမြောက် ကုန်သွယ်ရေးလမ်းကြောင်းနှင့် အခြေခံအဆောက်အအုံ ဖြည့်ဆည်းခြင်း
ကုန်သွယ်ရေးစင်္ကြံများ အသက်သွင်းခြင်း
အိန္ဒိယနှင့် တိုက်ရိုက်ချိတ်ဆက်နေသည့် ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံသတ်မှတ်အဝေးပြေးလမ်းမကြီး တို့တွင် ကုန်စည်စီးဆင်းမှု လုံခြုံချောမွေ့မှုအသင့်ဖြစ်နေရပါမည်။
စွမ်းအင်နှင့် လျှပ်စစ်မီး တည်ငြိမ်မှု
စက်မှုဇုန်များနှင့် စက်ရုံအလုပ်ရုံများအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်မီးနှင့် စွမ်းအင်ကို အာမခံချက်ရှိရှိ ဖြည့်ဆည်းပေးနိုင်မည့် သီးသန့်စနစ်များ (ဥပမာ- နေရောင်ခြည်စွမ်းအင်သုံး Solar ပါဝါများ၊ သဘာဝဝန်းကျင်မထိခိုက်သော နည်းပညာမြင့် ကျောက်မီးသွေးစက်ရုံများ နှင့် စက်မှုဇုန်များ တွဲဖက်ခါ အဆင်သင့်ဖြစ်မှုဖြင့် FDI ကို ကြိုဆိုနိုင်မည်။
၄။ Feasible ဖြစ်သော ကဏ္ဍအလိုက် အချက်အလက်များ ကြိုတင်ပြင်ဆင်ထားခြင်း
ရင်းနှီးမြှုပ်နှံမှု ပက်ကေ့ချ်များ ပြင်ဆင်ခြင်း
အိန္ဒိယလုပ်ငန်းရှင်များ လာရောက်လေ့လာသည့်အခါ “လုပ်ငန်းဖြစ်နိုင်ခြေရှိမရှိ” (Feasible) ကို ချက်ချင်းတွက်ချက်နိုင်ရန် အလားအလာရှိသည့် စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်း၊ ဆေးဝါးထုတ်လုပ်မှုကဏ္ဍနှင့် သတင်းအချက်အလက်နည်းပညာ (IT) ကဏ္ဍများအတွက် အဆင်သင့်ဖြစ်နေသော စီမံကိန်းအဆိုပြုလွှာများ (Ready Project Proposals) ကို နိုင်ငံတော်အဆင့် နှင့် ပုဂ္ဂလိက ကဏ္ဍကိုယ်စားပြု အဖွဲ့များက စနစ်တကျ ပြုစုထားရပါမည်။
