တနင်္သာရီ သဘာဝကြိုးဝိုင်း ရေမြေရှုခင်းအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူငယ်များနှင့် ရပ်ရွာစေတနာ့ဝန်ထမ်းများ စွမ်းရည်မြှင့်တင်ရေး အစီအစဉ်တစ်ခုကို နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများ ပူးပေါင်း၍ လျှောက်လွှာများ စတင်ခေါ်ယူနေပြီ ဖြစ်ကြောင်း ယနေ့ တွင် အသိပေးထုတ်ပြန်ထားသည်။
အဆိုပါအစီအစဉ်ကို (IUNC- International Union For Conservation of Nature ) နှင့်
Friends of Wildlife (FOW) တို့ ပူးပေါင်း၍ တနင်္သာရီ သဘာဝကြိုးဝိုင်းရေမြေရှုခင်းအတွင်း သဘာဝဝန်းကျင် ပြန်လည်ထူထောင်ရေးနှင့် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းလုပ်ငန်း ရေးဆွဲမှုများအတွက် လူငယ်များနှင့် ရပ်ရွာစေတနာ့ဝန်ထမ်းများအား လိုအပ်သော ဗဟုသုတများ၊ လက်တွေ့ကျွမ်းကျင်မှုများနှင့် ယုံကြည်မှုရှိစွာ ဆောင်ရွက်နိုင်သည့် စွမ်းရည်များ တိုးမြှင့်ပေးရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် ဩဂုတ်လမှ ၂၀၂၇ ခုနှစ် ဇန်နဝါရီလအထိ (၆) လတာ ကြာမြင့်မည်ဖြစ်ပြီး အစီအစဉ်အတွင်း စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲများ၊ စီမံကိန်းအဆိုပြုလွှာပြင်ဆင်ခြင်းများနှင့် လက်တွေ့ကွင်းဆင်း သုတေသနပြုလုပ်ခြင်းလုပ်ငန်းများ ပါဝင်မည်ဖြစ်ပြီး လူငယ်(အသက် ၁၈ နှစ်မှ ၃၀နှစ်)အထိ လူငယ်များ ပါဝင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ပထမကာလအဖြစ် စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲနှင့် ဒုတိယကာလ စီမံကိန်းအဆိုပြုလွှာ ပြင်ဆင်ခြင်းတို့ကို ထားဝယ်မြို့၊ ကလိန်အောင်မြို့နယ်၊ မိချောင်းလှောင် (ရွာသစ်) တို့တွင် ပြုလုပ်သွားမည်ဖြစ်ကာ သင်တန်းတစ်ခုစီကို (၃) ရက်တာ ကြာမြင့်မည် ဖြစ်သည်။
အဆိုပါ သင်တန်းကာလအတွင်း အောင်မြင်စွာ အဆိုပြုလွှာ တင်သွင်းနိုင်သည့် အဖွဲ့များကို တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန်အတွက် အသေးစားရန်ပုံငွေ (Small Grant) ကိုလည်း အဖွဲ့လိုက် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်သည်။
ယင်းအစီအစဉ်သို့ သဘာဝဝန်းကျင်ထိန်းသိမ်းရေးကို စိတ်ဝင်စားပြီး သုတေသနလုပ်ကိုင်လိုသည့် အသက် (၁၈) နှစ်မှ (၃၀) နှစ်အတွင်းရှိ လူငယ်များ လျှောက်ထားနိုင်ပြီး၊ လျှောက်လွှာများကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ နောက်ဆုံးထား၍ အခမဲ့ လျှောက်ထားနိုင်ကြောင်း သိရသည်။
