နိုင်ငံတော်ပိုင် ဆေးဝါးလုပ်ငန်းရှိ ဆေးဝါးစက်ရုံများတွင် အသုံးပြုလျက်ရှိသော ဆေးဝါးကုန်ကြမ်း ၃၆၅ မျိုးအား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးထွန်းအုံက ပြောကြားသည်။
ဇွန်လ ၁၂ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အခြေခံလူထု စားသောက်ကုန်နှင့် ဆေးဝါးများအပေါ် သွင်းကုန်အခွန် လျှော့ချပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ပြည်တွင်းဆေးဝါးထုတ်လုပ်မှု တိုးတက်ဖွံ့ဖြိုးစေရန်နှင့် ဆေးဝါးထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချနိုင်စေရန်အတွက် ဆေးဝါးကုန်ကြမ်း ၄၅၄ မျိုးကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
ထို့ပြင် အခြေခံအိမ်သုံးဆေးဝါးများကိုလည်း အခွန်ကင်းလွတ်ခွင့် သတ်မှတ်ထားပြီး ယင်းဆေးဝါးများမှအပ ကျန်ဆေးဝါးများအား အကောက်ခွန်နှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်း ဝန်ကြီးက ပြောသည်။
၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စသည့် အခြေခံစားသောက်ကုန်များနှင့် အိမ်သုံးဆေး၊ လူသုံးဆေးဝါး၊ တိုင်းရင်းဆေးဝါးများအပါအဝင် ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော Essential Goods ၄၆ အုပ်စုကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
