အောက်တိုဘာ ၁၆ ရက်အထိ ပိတ်ရက်မရှိ လက်ခံပေးမည်
နေပြည်တော်၊ စက်တင်ဘာ ၂၂
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်လွှာများကို စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၁၆ ရက်အထိ စတင်လက်ခံသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်တစ်ခုခုကို ပထမဦးစားပေး လျှောက်ထားလိုသူများသည် အဆင့်မြင့်ပညာဦးစီးဌာန (တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့) က ထုတ်ပေးသည့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ဖြင့် လျှောက်ထားရမည်ဖြစ်သည်။
ဆေးတက္ကသိုလ်နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များကို ပထမဦးစားပေးလျှောက်ထားသူများသည် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန (နေပြည်တော်)၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ ဆေးတက္ကသိုလ် (မန္တလေး)၊ ဆေးတက္ကသိုလ် (မကွေး)၊ ဆေးတက္ကသိုလ် (တောင်ကြီး)၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်) နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး) စသည့် နေရာရှစ်ခုအနက် တစ်ခုခုသို့ တိုက်ရိုက်ပေးပို့လျှောက်ထားရမည်ဖြစ်သည်။
ဆေးဝါးတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်များကို ပထမဦးစားပေး လျှောက်ထားသူများမှာ ပညာရေးဝန်ကြီးဌာနအောက်ရှိ သတ်မှတ်တက္ကသိုလ်များသို့ ပေးပို့လျှောက်ထားရမည်ဖြစ်သည်။
လျှောက်လွှာများကို စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၁၆ ရက်အထိ စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်များအပါအဝင် ပိတ်ရက်မရှိ လက်ခံပေးသွားမည် ဖြစ်ပြီး ဝင်ခွင့်ရွေးချယ်ရာတွင် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်ပါ သတ်မှတ်ချက်များအတိုင်း စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
photo:edge
