ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာစာသင် ကျောင်းများနှင့် ဆေးရုံများကို ယာယီပိတ်ထားရကြောင်း သိရသည်။
ထို့ကြောင့် ရေများပြန်လည်ကျဆင်းသွားချိန်၌ ယာယီပိတ်ထားရသော အခြေခံပညာစာသင်ကျောင်းများနှင့် ဆေးရုံများကိုအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးကြို တင်ပြင်ဆင်ထားကြရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင်ကျင်းပသည့် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌မှာကြားခဲ့ကြောင်း သိရသည်။
ရေပြန်လည်ကျဆင်းချိန်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်များဆောင်ရွက်ရမည်ဖြစ်၍ ထောက်ပံ့ရေးပစ္စည်းများကို အနီးစပ်ဆုံးနေရာကြိုတင်ပို့ဆောင်ထားရန်၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ရေသန့်ဆေးပြားများကို ကြိုတင်စုဆောင်းထားရန်လည်းမှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဝန်ကြီးချုပ်က တိုင်းလူမှုဝန်ထမ်းဦးစီးဌာနမှ ရေရှောင်စခန်းများမှ ကိုယ်ဝန်ဆောင်မိခင်နှင့် မသန်စွမ်းစာရင်းများအတွက် ထောက်ပံ့ပေးအပ်မည့်ငွေများနှင့် စေတနာရှင်များက လှူဒါန်းသည့်အလှူငွေများကိုလက်ခံရယူခဲ့ကြောင်း သိရသည်။
Photo-ဧရာဝတီတိုင်းအစိုးရ
