စစ်တွေ၊ ဩဂုတ် ၈
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် စစ်တွေမြို့သို့ ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်း တန်ချိန် ၃,၆၅၀ ကျော် တင်ဆောင်လာသည့် ကုန်တင်သင်္ဘော ၄ စီး ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ကုန်တင်သင်္ဘောများဖြစ်သည့် အမ်ဗွီ ရဲထွန်းအောင် (၂)၊ အမ်ဗွီ ရွှေပိုင်ဖြိုး၊ အမ်ဗွီ အောင်ရတနာဌေး နှင့် အမ်ဗွီ တော်ဝင်သီရိ သင်္ဘောများတွင် စားသောက်ကုန် တန်ချိန်ပေါင်း ၃,၆၅၀ ကျော် ပါဝင်ပြီး ကုန်တင်ကုန်ချ ပြုလုပ်နေမှုများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့် တာဝန်ရှိသူများက ဩဂုတ် ၇ ရက် နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်က ကုန်ပစ္စည်းများ စနစ်တကျ အတင်အချပြုလုပ်ရေး၊ ဈေးကွက်အတွင်း အမြန်ဆုံး ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် လေလွင့်ပျက်စီးမှု မရှိစေရေးတို့ကို မှာကြားခဲ့သည်။
ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကုလားတန်မြစ်ကြောင်းအတွင်း သောင်တူးဖော်ရေးလုပ်ငန်းများနှင့် စစ်တွေတိုင်းရင်းဆေးရုံတို့ကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
