ရန်ကုန်၊ ဩဂုတ် ၈
မကြာမီ ကျင်းပတော့မည်ဖြစ်သည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် အသင်း၏ ကြံ့ခိုင်မှုနှင့် ကစားပုံ ပိုမိုကောင်းမွန်လာစေရန် ရှမ်းယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့သည် ယနေ့ (ဩဂုတ် ၈ ရက်) နံနက်ပိုင်းက ရန်ကုန်မြို့ စလင်းအားကစားကွင်း၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
အဆိုပါခြေစမ်းပွဲသည် ကစားသမားများ၏ ပွဲကစားနိုင်စွမ်း၊ အသင်းလိုက် ပေါင်းစပ်ကစားမှုနှင့် ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်မှုတို့ကို တိုးတက်စေရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး၊ ရရှိလာသည့် အတွေ့အကြုံများကို အခြေခံ၍ လာမည့် ၂၀၂၆/၂၇ ဘောလုံးရာသီအတွက် ဆက်လက်ပြင်ဆင်သွားမည်ဟု အသင်းက အသိပေးထားသည်။
ထို့ပြင် ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၆/၂၇ ရာသီအတွက် ပြင်သစ်နိုင်ငံသား Centre-Back ခံစစ်ကစားသမား Rodrigue Nanitelamio ကို နောက်ထပ် နိုင်ငံခြားသား ကစားသမားအဖြစ် ခေါ်ယူလိုက်ပြီဖြစ်သည်။
၁၉၉၆ ခုနှစ်ဖွား အသက် ၃၀ အရွယ် Nanitelamio သည် အရပ် ၆ ပေ ၅ လက်မရှိ ဘယ်ခြေသန် ခံစစ်မှူးတစ်ဦးဖြစ်ပြီး၊ ကိုယ်ခန္ဓာအင်အား ကောင်းမွန်ခြင်း၊ အမြင့်ဘောနှင့် တစ်ဦးချင်းယှဉ်ပြိုင်မှုများတွင် အားသာခြင်းတို့ကြောင့် အသင်းခံစစ်ကို ပိုမိုအားကောင်းစေမည်ဖြစ်သည်။
၎င်းသည် AS Cannes လူငယ်အကယ်ဒမီထွက်ဖြစ်ပြီး ဉရောပအသင်းများ၌ ကစားခဲ့သူဖြစ်ကြောင်း သိရသည်။
