စင်္ကာပူမြို့ရှိ မြန်မာသံရုံးက နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် ရက်ချိန်းယူနေသူများ များပြားလာမှုကြောင့် WhatsApp နံပါတ်အသစ်တစ်ခု ထပ်မံသတ်မှတ်ပေးထားကြောင်း ကြေညာလိုက်သည်။
သံရုံး၏ ထုတ်ပြန်ချက်အရ ယခင်အသုံးပြုနေသည့် WhatsApp နံပါတ် +6582468581 သို့ သက်ဆိုင်မှုမရှိသော မက်ဆေ့ချ်များနှင့် ဖုန်းခေါ်ဆိုမှုများ များပြားလာသဖြင့် ပေးပို့သူဦးရေ ၁၀,၀၀၀ ကျော်အထိ ရှိလာခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၂၀၂၆ ခုနှစ် မတ်လ ၂၈ ရက်မှ မေလ ၁ ရက်အတွင်း ပေးပို့ထားသည့် အချက်အလက်အချို့ ပျောက်ဆုံးသွားခဲ့ကြောင်း သံရုံးက ဆိုသည်။
အဆိုပါကာလအတွင်း အချက်အလက်ပေးပို့ထားပြီး ပြန်ကြားချက်မရရှိသေးသူများအား ယင်း WhatsApp နံပါတ်သို့ ပြန်လည်ပေးပို့ကြရန် အသိပေးထားသည်။
ထို့ပြင် အရေးပေါ်သက်တမ်းတိုးလိုသူများအတွက် WhatsApp နံပါတ်အသစ် +6586447957 ကို သီးသန့်သတ်မှတ်ထားပြီး နိုင်ငံကူးလက်မှတ်သက်တမ်း ၆ လနှင့်အောက် ကျန်ရှိသူများ၊ နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့် ၃ လအောက်သာ ကျန်ရှိသူများကိုသာ ဆက်သွယ်ရန် သတ်မှတ်ထားသည်။
ရက်ချိန်းရယူလိုသူများအနေဖြင့် နိုင်ငံကူးလက်မှတ်စာမျက်နှာ၊ WP/SP/EP ကတ်ရှေ့နောက်ပုံနှင့် NRC ကတ်ရှေ့နောက်ပုံများကို ပူးတွဲပေးပို့ရမည်ဖြစ်ပြီး WhatsApp မှတစ်ဆင့် မေးခွန်းများမေးမြန်းခြင်း မပြုလုပ်ရန်လည်း သံရုံးက မေတ္တာရပ်ခံထားသည်။
ထို့အပြင် သတ်မှတ်ချက်မကိုက်ညီသူများအနေဖြင့် Walk-in လာရောက်ခြင်း၊ WhatsApp နံပါတ်အသစ်သို့ မသက်ဆိုင်သောစာများပေးပို့ခြင်းများ ပြုလုပ်ပါက ရက်ချိန်းပေးရန် စဉ်းစားမည်မဟုတ်ကြောင်း သတိပေးထားသည်။
