Home News Local News ခရီးသည်များ၏ ဖုန်းအတွင်း ဥပဒေနှင့်မညီသည့် ဓာတ်ပုံ၊ ဗီဒီယိုများ မပါရှိစေရန် DPTOA အသိပေး

ခရီးသည်များ၏ ဖုန်းအတွင်း ဥပဒေနှင့်မညီသည့် ဓာတ်ပုံ၊ ဗီဒီယိုများ မပါရှိစေရန် DPTOA အသိပေး

0
85

ဘုရားဖူးယာဉ်များ နံနက် ၅ နာရီနှင့် နောက်ပိုင်းမှ ထွက်ခွာရန်၊ ခရီးသည်များ NRC သို့မဟုတ် ခရီးသွားထောက်ခံစာ ယူဆောင်ရန် နှိုးဆော်

ရန်ကုန်၊ စက်တင်ဘာ ၂၂

ဘုရားဖူးခရီးစဉ်များ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် ခရီးသည်များ၏ မိုဘိုင်းဖုန်းများအတွင်း ဥပဒေနှင့်မညီသည့် ဓာတ်ပုံ၊ ဗီဒီယိုများ မပါရှိစေရန် အထူးသတိပြုကြရန် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း (DPTOA) က စက်တင်ဘာ ၂၁ ရက်တွင် အသိပေးနှိုးဆော်ထားသည်။

ထို့ပြင် ခရီးသည်များအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ် (NRC) သို့မဟုတ် ရဲစခန်းမှ ခရီးသွားထောက်ခံစာ ယူဆောင်လာကြရန်နှင့် ခရီးသွားလမ်းညွှန် (Guide) များအနေဖြင့် လမ်းခရီးရှိ စစ်ဆေးရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် အသိပေးထားသည်။

ဘုရားဖူးယာဉ်များကို နံနက် ၅ နာရီနှင့် နောက်ပိုင်းမှ စတင်ထွက်ခွာစေပြီး စုရပ်သို့ ပြန်လည်ရောက်ရှိချိန်ကို ည ၈ နာရီမှ ၁၀ နာရီအတွင်း ဖြစ်စေရန် ခရီးစဉ်ရေးဆွဲစေလွှတ်ကြရန်လည်း နှိုးဆော်ထားသည်။

အသင်းဝင်များအနေဖြင့် အသင်းဝင်ကတ်နှင့် လုပ်ငန်းလိုင်စင်မိတ္တူများကို ယာဉ်ပေါ်တွင် ယူဆောင်သွားရန်၊ လုပ်ငန်းရှင်များက လိုအပ်သည့် ခရီးသွားလုပ်ငန်းဆိုင်ရာ လိုင်စင်များကို သတ်မှတ်ချက်နှင့်အညီ လျှောက်ထားရယူထားရန်လည်း အသိပေးထားသည်။

ခရီးစဉ်ပြီးဆုံးချိန်တွင် ခရီးသည်များ အိမ်ပြန်ရာ၌ အဆင်ပြေစေရေးအတွက် Guide များက Taxi (Grab) ငှားရမ်းပေးခြင်း၊ ယာဉ်နံပါတ်မှတ်တမ်းတင်ထားခြင်းနှင့် ခရီးသည်အိမ်ရောက်ချိန်တွင် Guide ထံ ဖုန်းပြန်ဆက်စေခြင်းတို့ ဆောင်ရွက်ရန်လည်း ပါရှိသည်။

ခရီးစဉ်အတွင်း ထူးခြားဖြစ်စဉ်များရှိပါက အသင်းဝင်ဂိတ်အချင်းချင်း အသိပေးရန်နှင့် DPTOA Member Group ထံ စာရေးသားအသိပေးရန် နှိုးဆော်ထားကြောင်း သိရသည်။