ရန်ကုန်၊ စက်တင်ဘာ ၁၆
ကမ္ဘောဇဘဏ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် ထိခိုက်ခံစားနေရသည့် အိမ်ထောင်စု ၂,၀၀၀ အတွက် စားနပ်ရိက္ခာ၊ အရေးပေါ်ဆေးဝါးနှင့် အခြေခံလိုအပ်သည့်ပစ္စည်းများ ဖြန့်ဝေပေးခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။
ငသိုင်းချောင်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၂၃ ခုမှ အိမ်ထောင်စု ၂,၀၀၀၊ လူဦးရေ ၆,၅၉၃ ဦးအတွက် တစ်ပတ်စာစားနပ်ရိက္ခာ၊ တာပေါ်လင်မိုးကာရွက်ဖျင်၊ ရေသန့်စင်ဆေးပြားနှင့် အရေးပေါ်ဆေးဝါးများအပါအဝင် အခြေခံလိုအပ်သည့်ပစ္စည်းများကို ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။
အကူအညီရရှိသူများတွင် မသန်စွမ်းသူ ၁၃၂ ဦး ပါဝင်ပြီး အထောက်အပံ့ပစ္စည်းများ ဖြန့်ဝေရာတွင် ဟင်္သာတနှင့် ကျုံပျော်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲများမှ ဝန်ထမ်းများလည်း ပါဝင်ကူညီခဲ့ကြောင်း သိရသည်။
ထို့ပြင် ကမ္ဘောဇဘဏ်က မြန်မာနိုင်ငံကြက်ခြေနီအသင်း (Myanmar Red Cross Society) သို့ တစ်နာရီလျှင် သန့်ရှင်းသောရေ ၂,၅၀၀ လီတာ ထုတ်လုပ်ပေးနိုင်သည့် Wateroam – ROAMfilter Ultra ရွေ့လျားရေသန့်စင်စနစ်တစ်စုံကိုလည်း လှူဒါန်းခဲ့သည်။
အဆိုပါ ရေသန့်စင်စနစ်မှတစ်ဆင့် လေးမျက်နှာမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်း ၁၃ ခုမှ အိမ်ထောင်စု ၄,၈၁၆ စုအတွက် အစားအစာချက်ပြုတ်ခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် လိုအပ်သည့် သန့်ရှင်းသောရေကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရေဘေးကယ်ဆယ်ရေးနှင့် အထောက်အပံ့ပေးရေးလုပ်ငန်းများကို လူမှုအကျိုးပြုအဖွဲ့အစည်းများ၊ ရပ်ရွာလူထုနှင့် စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရေဘေးသင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်က အသိပေးထားသည်။
