မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ISTAF Sepaktakraw World Cup 2026 ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်အသင်းသည် အကောင်းဆုံးပုံစံဖြင့် အစပြုနိုင်ခဲ့ပြီး ယနေ့ ကျင်းပသည့် ဒုတိယနေ့ပွဲစဉ်များတွင်လည်း နိုင်ပွဲများဆက်တိုက်ဖော်ဆောင်နိုင်ခဲ့သည်။
ယနေ့ ကျင်းပပြုလုပ်သည့် အမျိုးသား (၄) ယောက်တွဲ ပွဲစဉ်များတွင် မြန်မာအသင်းသည် အုပ်စုတွင်း ပြိုင်ဘက်များဖြစ်ကြသော ဘရူနိုင်းအသင်းနှင့် ဗီယက်နမ်အသင်းတို့ကို ရင်ဆိုင်ခဲ့ရသည်။
မြန်မာအသင်းသည် ဘရူနိုင်းနှင့် ဗီယက်နမ် နှစ်သင်းစလုံးကို အမှားအယွင်းမရှိဘဲ (၂) ပွဲပြတ်ရလဒ်များဖြင့် အပြတ် အသတ် အနိုင်ယူကာ အုပ်စုတွင်း အခြေအနေ ကောင်းမွန်အောင် စွမ်းဆောင်နိုင်ခဲ့သည်။
ပြိုင်ပွဲပထမနေ့က ကျင်းပခဲ့သည့် အမျိုးသား (၃) ယောက်တွဲ အုပ်စုအဆင့် ပွဲစဉ်တွင်လည်း မြန်မာအသင်းသည် တရုတ်အသင်းကို (၂) ပွဲပြတ်ဖြင့် အနိုင်ရရှိထားပြီး ဖြစ်သည်။
ထို့ကြောင့် ပြိုင်ပွဲစတင်သည့် နှစ်ရက်အတွင်း ကစားခဲ့သည့် ပွဲစဉ်အားလုံးတွင် မြန်မာအသင်းက ရှုံးပွဲမရှိ နိုင်ပွဲဆက်နေခြင်း ဖြစ်သည်။
ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် ကစားသမား (၁၂) ဦး ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။