ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) သည် ရေကူးရေတွန်းစက်ရုံသို့ လျှပ်စစ်ဓာတ်အား ပိုမိုတည်ငြိမ်စွာ ပေးဝေနိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ပိုင် မြောက်ကမ္ဘာအေးဓာတ်အားခွဲရုံ၌ 33 kV Auto Recloser တပ်ဆင်ရေးလုပ်ငန်း ဆောင်ရွက်မည်ဖြစ်ရာ ရန်ကုန်မြို့နယ် ၁၂ ခု တွင် ရေပေးဝေရေး ယာယီပြတ်တောက်ခြင်း သို့မဟုတ် ရေအားနည်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း အသိပေးထုတ်ပြန်သည်။
အဆိုပါလုပ်ငန်းကို ဩဂုတ် ၇ ရက် နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအထိ လေးနာရီကြာ ဆောင်ရွက်မည်ဖြစ်ပြီး ယင်းကာလအတွင်း မရမ်းကုန်းမြို့နယ်ရှိ ရေကူးရေတွန်းစက်ရုံ၏ ရေတွန်းစက်များကို ယာယီရပ်နားထားမည်ဖြစ်သည်။
ထို့ကြောင့် မရမ်းကုန်း၊ ကမာရွတ်၊ ရန်ကင်း၊ တာမွေ၊ ဗဟန်း၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ဒဂုံ၊ လမ်းမတော်၊ လသာနှင့် ပန်းဘဲတန်းမြို့နယ်များတွင် ရေပေးဝေရေး ပြတ်တောက်ခြင်း သို့မဟုတ် ရေအားနည်းခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ရေသုံးစွဲသူများအနေဖြင့် လိုအပ်သည့် ရေကို ကြိုတင်စုဆောင်းထားကြရန် YCDC က တိုက်တွန်းထားသည်။
ထို့ပြင် ရေသုံးစွဲရာတွင် အခက်အခဲများ ကြုံတွေ့ပါက သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်ရေပေးရေးတာဝန်ခံများထံ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း YCDC က အသိပေးထားသည်။
