ဖီဖာ(FIFA) ဥက္ကဋ္ဌဖြစ်သူ ဂျီအန်နီ အင်ဖန်တီနို (Gianni Infantino) တို့ဟာ UEFA ဝန်ထမ်းဟောင်းတစ်ဦးနဲ့ ချစ်ရေးချစ်ရာ ပတ်သက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်လိုက်ပါတယ်။ Telegraph သတင်းစာကို ဖြေကြားရာမှာတော့ ဒီလိုစွပ်စွဲမှုတွေက “လုံးဝကို မမှန်ကန်တဲ့အရာ” ဖြစ်ပြီး “နာမည်ဖျက်ဖို့ သက်သက်” ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
”ဖီဖာဥက္ကဋ္ဌ ဂျီအန်နီ အင်ဖန်တီနိုအနေနဲ့ ဒီစွပ်စွဲချက်တွေကို ပြင်းပြင်းထန်ထန် ငြင်းဆိုပါတယ်။ ဒါတွေက လုံးဝကို မဟုတ်မမှန်ပါဘူး။ မလျော်ကန်တဲ့ အပြုအမူတွေ လုပ်ခဲ့တယ်၊ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖေ-ာက်ခဲ့တယ်ဆိုပြီး အရိပ်အမြွက် ပြောဆိုနေတာတွေက နာမည်ဖျက်တာသက်သက်ပါပဲ” လို့ ကြေညာချက်မှာ အလေးပေးဖော်ပြထားပါတယ်။ “အင်ဖန်တီနိုရဲ့ အပြုအမူနဲ့ပတ်သက်ပြီး UEFA ကော FIFA မှာပါ ဘယ်ဝန်ထမ်းကမှ တိုင်ကြားခဲ့ဖူးတာမျိုး မရှိပါဘူး။ ဘာလို့လဲဆိုတော့ သူပါဝင်ပတ်သက်ခဲ့တဲ့ ပြဿနာမျိုးမှ မရှိခဲ့တာကိုး။ အလုပ်ထွက်တာတွေ၊ နစ်နာကြေးပေးတာတွေ အပါအဝင် ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက် မှန်သမျှကို သက်ဆိုင်ရာ ဒါရို-က်တာတွေက တည်ဆဲစည်းမျဉ်းတွေနဲ့အညီ အမြဲတမ်း အတည်ပြုပေးခဲ့တာချည်းပါပဲ။”
Telegraph သတင်းစာရဲ့ ဖော်ပြချက်အရ အင်ဖန်တီနို UEFA အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေချိန်မှာ သူနဲ့ပတ်သက်ခဲ့တဲ့ ဝန်ထမ်းတစ်ဦးကို UEFA က ဂဏန်းခြောက်လုံးပါတဲ့ နစ်နာကြေးငွေ (သိန်းဂဏန်း) ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ အင်ဖန်တီနိုဟာ အဲဒီအမျိုးသမီးကို ရာထူးတိုးပေးတာတွေ၊ လစာတိုးပေးတာတွေ လုပ်ပေးခဲ့တယ်လို့လည်း သတင်းစာက စွပ်စွဲထားပါတယ်။ UEFA ဘက်ကတော့ ငွေပေးချေမှုတွေ ရှိခဲ့တာ မှန်ပေမယ့် အဖွဲ့အစည်းရဲ့ စည်းမျဉ်းတွေနဲ့အညီပဲ လုပ်ဆောင်ခဲ့တာပါလို့ အတည်ပြုဖြေကြားခဲ့ပါတယ်။
အင်ဖန်တီနိုဟာ FIFA ဥက္ကဋ္ဌမဖြစ်လာခင် ၂၀၀၉ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ UEFA အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။ သူဟာ ဖီဖာဥက္ကဋ္ဌအဖြစ် နှစ်ကြိမ်တိုင်တိုင် ပြန်လည်ရွေးကောက်ခံထားရပြီး ကလေး ၄ ယောက်ရှိတဲ့ အိမ်ထောင်သည်တစ်ဦးလည်း ဖြစ်ပါတယ်။
