ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်နေသူများအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ စောင့်ရှောက်မှုများပြုလုပ်ပေးထားလျက်ရှိကြောင်း သိရသည်။
ထိုသို့ စောင့်ရှောက်ပေးလျက်ရှိရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၉ ရက်နံနက်ပိုင်းတွင် လဟာပကျေးရွာရှိ လဟာပကျောင်းတိုက်ဘုန်းတော်ကြီးကျောင်း၌ ရေဘေးသင့်သူများကိုတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများပေး အပ်ခဲ့ကြောင်း သိရသည်။
ရေဘေးသင့်သူများနှင့်တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတက ရေပြန်လည်ကျဆင်းပြီးနောက် ပြည်သူများအနေဖြင့် မိမိတို့တစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ကြပါက မူလအခြေအနေသို့အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်မည်ဟု ပြောသည်။
” အစိုးရအနေနဲ့လည်း မူလအခြေအနေအတိုင်းနီးပါးပြန်လည်ရောက်ရှိနိုင်ဖို့ တတ်နိုင်သမျှကူညီပေးသွားမှာပါ။ ရေဘေးကြောင့် ယာယီပိတ်ထားရတဲ့ စာသင် ကျောင်းတွေပြန်လည်ဖွင့်လှစ်ချိန်မှာ မိဘတေအနေနဲ့ သားသမီးတွေကို ကျောင်းပြန်တက်နိုင်ဖို့ အလေးထားဆောင်ရွက်ကြစေလိုပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။
ကလေးငယ်များ ကျောင်းပညာသင်ကြားခြင်းမှတစ် ဆင့် ပညာတတ်မြောက်မှုသာမက စည်းကမ်းရှိမှု၊ စိတ်ဓာတ်ကောင်းမွန်မှုနှင့် ကြိုးစားအားထုတ်လိုစိတ်တို့ကိုပါပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်၍ “ကလေးတွေကို ကျောင်းထားဖို့ အနူးအညွတ်တိုက်တွန်းပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
လေးမျက်နှာမြို့နယ်၌ဖြစ်ပွားလျက်ရှိသော ရေကြီးရေ လျှံမှုဖြစ်စဥ်ကြောင့် မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် ကျေးရွာ (၁၃၈)ရွာမှ လူဦးရေ(၃၉,၀၀၀)ကျော်ရေဘေးသင့်လျက်ရှိပြီး ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၁၇)ခုဖွင့်လှစ်ထားရကြောင်း သိရသည်။
