ကျွမ်းကျင်ပညာရှင်များ ၊ရင်းနှီးမြှုပ်နှံသူများ၊ မြန်မာနိုင်ငံသားဟောင်းများ နှင့် ၄င်းတို့၏ မိသားစုဝင်များအနေဖြင့် PR လျှောက်ထားနိုင်
နိုင်ငံခြားသား အမြဲတမ်းနေထိုင်ခွင့် PR လျှောက်ထားသူ မိသားစုအပါအဝင် (၃၆)ဦးရှိကြောင်း နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကပြောသည်။
ယမန်နေ့ ကကျင်းပသည့် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိ PR လျှောက်ထားသူ မိသားစုအပါအဝင် ၃၆ ဦး၏ ကိုယ်ရေးအချက်အလက်များ၊ တစ်ဦးချင်းအမှတ်ပေးစနစ်ဖြင့် စိစစ်ထားရှိမှု၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ယခင်လူတွေ့စစ်ဆေးခံယူရန် ပျက်ကွက်ခဲ့သူများအနက် သုံးကြိမ်နှင့်အထက် ပျက်ကွက်ခဲ့သူများအခြေအနေ၊ လုပ်ငန်းကော်မတီမှ စိစစ်အကြံပြုချက်များ၊ ဗဟိုကော်မတီမှ စိစစ်ပြီးပါက ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျွမ်းကျင်ပညာရှင်များ ၊ရင်းနှီးမြှုပ်နှံသူများ၊ မြန်မာနိုင်ငံသားဟောင်းများ နှင့် ၄င်းတို့၏ မိသားစုဝင်များအနေဖြင့် နိုင်ငံခြားသား အမြဲတမ်းနေထိုင်ခွင့် PR လျှောက်ထားနိုင်ပြီး ကနဦး လျှောက်လွှာကြေး အမေရိကန်ဒေါ်လာ ၅၀၀ ပေးသွင်းပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သို့မဟုတ် မြန်မာသံရုံးများတွင် တိုက်ရိုက်လျှောက်ထားနိုင်ကြောင်း သိရသည်။
