အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)၏ သဘောထားခံယူချက်နှင့်ပတ်သက်၍ ဒု-ဥက္ကဋ္ဌဦးစန်ပေ့မှ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌တွေ့ဆုံစဥ် NDAA (မိုင်းလား)၏ ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)၏ သဘောထားခံယူချက်အနေ ဖြင့် နှစ်(၃ဝ)ကျော်ကျင့်သုံးလာခဲ့သည့်အတိုင်း နိုင်ငံတော်မှချမှတ်ထားထားသော ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး “တို့တာဝန်အရေးသုံးပါး”အတွက် အဓိကထားဆောင်ရွက်လျက်ရှိသည်ဟု ရှင်းလင်းတင်ပြသည်။
ထို့ပြင် ဒေသတွင်းလမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ပိုမိုမြန်ဆန်ချောမွေ့စေရေး၊ မိမိတို့ဒေသအတွင်း ပညာရေးကဏ္ဍနှင့်ကျန်းမာရေးကဏ္ဍများတွင် နိုင်ငံတော်အနေဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးစေလိုပြီး မိမိတို့ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့် မည်သည့်နိုင်ငံရေးအဖွဲ့အစည်းကိုမျှလက်ခံထားခြင်းမရှိဟု တင်ပြသည်။
ထို့အတူ ဒေသတွင်းနှင့် နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းရေးလုပ်ငန်းရပ်များအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ နစက ဥက္ကဋ္ဌအနေဖြင့် မိမိတို့ဒေသအတွက်လိုအပ်သည်များကို လမ်းညွှန်မှာကြားဆောင်ရွက်ပေးစေလိုသည်ဟုလည်း တင်ပြခဲ့သည်။
ထို့နောက် နစက ဥက္ကဋ္ဌနှင့် NDAA (မိုင်းလား)၏ ဒု-ဥက္ကဋ္ဌတို့သည် ငြိမ်းချမ်းရေးဆိုင်ရာများ၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။