ဒေသဖွံ့ဖြိုးရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ညီညွတ်စွာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် စက်မှုနှင့် MSME ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက တိုက်တွန်းပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ အမှတ်(၈) အထည်စက်ရုံခွဲနှင့် ပျော်ဘွယ်မြို့ရှိ အမှတ်(၈) အထည်စက်ရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပျော်ဘွယ်အထည်စက်ရုံမှ ထုတ်လုပ်သည့် ချည်မျှင်များသည် ဈေးကွက်ဝင်ထုတ်ကုန်များဖြစ်သဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။
ထုတ်ကုန်များ၏ အရည်အသွေးကောင်းမွန်ရေးကို အထူးအလေးထားကြပ်မတ်ဆောင်ရွက်ရန်လည်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ကြောင်း သိရသည်။
