ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တရုတ်နှင့် လာအိုနိုင်ငံမှ ကျန်းမာရေးတာဝန်ရှိသူများနှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ဇွန် ၅ ရက်က ကျင်းပသည့် (၁၀)ကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသ ငှက်ဖျားရောဂါကင်းစင်ပပျောက်ရေးဆိုင်ရာ ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် ဒုတိယဝန်ကြီး Dr. Yong Zhang နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ်နယ်စပ်ဒေသများတွင် ငှက်ဖျားရောဂါနှင့် အခြားကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီး H.E. Madam Baykham Khattiya ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနများအကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး၊ ဆေးဝါးနှင့် ကာကွယ်ဆေးထုတ်လုပ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ယင်းခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် “GMS Malaria Elimination in 2030” ခေါင်းစဉ်ဖြင့် ကျင်းပသည့် အဆင့်မြင့်ဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ၂၀၃၀ ပြည့်နှစ် ငှက်ဖျားရောဂါပပျောက်ရေး ရည်မှန်းချက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လုပ်ဆောင်သင့်သည့် အစီအမံများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့ပြင် မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများနှင့် အဆင့်မြင့်ကိုယ်စားလှယ်များက ၂၀၁၈ ခုနှစ် နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့သည့် “Joint Call to Action to Malaria Elimination in the Greater Mekong Subregion” အပေါ် ထပ်လောင်းအတည်ပြုနှိုးဆော်ချက်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
