မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ပံ့ပိုးကူညီရေးကော်မတီ Myanmar Muslim Aid(MMAID)ကငလျင်ဒဏ်သင့်ပြည်သူများ၏ ကိုယ်ပိုင်မြေနေရာများတွင် တန်ဖိုးသင့် လုံးချင်းအိမ်များ ပြန်လည်ဆောက်လုပ်ပေးနေကြောင်း သိရသည်။
ထို့သို့ ဆောက်လုပ်ပေးရာ၌ လုံးချင်းအိမ် ပြန်လည်တည်ဆောက်ခြင်း၊ အကြီးစားပြုပြင်ခြင်းနှင့် အသေးစားပြုပြင်ခြင်း အပိုင်း(၃)ပိုင်းခွဲ၍ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
လုံးချင်းအိမ် အလတ်ဆိုဒ် (256 Sqft) တစ်လုံးလျှင် ခန့်မှန်း ငွေကျပ်သိန်း (၅၀)၊ လုံးချင်းအိမ် အသေးဆိုဒ် (192 Sqft) တစ်လုံးလျှင် ခန့်မှန်း ငွေကျပ်သိန်း (၃၀)၊ လုံးချင်းအိမ်တစ်လုံး အကြီးစား ပြုပြင်ရန်အတွက် ခန့်မှန်း ငွေကျပ် သိန်း (၂ဝ)၊ လုံးချင်းအိမ်တစ်လုံး အသေးစားပြုပြင်ရန်အတွက် ခန့် မှန်း ငွေကျပ် သိန်း(၁၀) ကုန်ကျနိုင်မည်ဖြစ်ကြောင်း သိရသ ည်။
အဆိုပါ တွက်ချက်မှုသည့် အလှူငွေ ထည့်၀င်ရာတွင် ကုန်ကျစရိတ် သိရှိနိုင်ရန် ခန့်မှန်းတွက်ချက်ခြင်းဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ်ထက် ပိုကုန်ကျခဲ့လျှင် MMAID ၏ အလှူငွေ စာရင်းမှ ထိုက်သင့်သလို စိုက်ထုတ်သုံးစွဲသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးပံ့ပိုးကူညီရေးကော်မတီ Myanmar Musli Aid(MMAID) အနေဖြင့် ငလျင်ဘေးသင့်ပြည်သူများအား အမိုးအကာများအောက် အမြန်ဆုံးရောက်ရှိရေးအတွက် နည်းလမ်း (၃)လမ်းဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
MMAIDအနေဖြင့် ငလျင်ဘေးသင့်သူများ၏ မြေကွက်ပေါ် ၌ ပြို/ပျက်သွားသည့် အဆောက်အဦးများကို ပြန်လည်ပြုပြင်ပေးခြင်း၊ လချုပ်ဖြင့် အိမ်ခန်းများ ငှားရမ်းပေးခြင်းနှင့် ယာယီ အိမ်ယာစခန်းများတွင် နေထိုင်ရန်စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
လက်ရှိတွင်လည်း MMAID က မန္တလေးမြို့ငလျင်ဒဏ်သင့်ပြည်သူများအတွက် ယာယီနေထိုင်ရေးစခန်း (၄)ခုကိုလည်း ဆောက်လုပ်ပေးလျက်ရှိသည်။