လတ်တလော ဖြစ်ပေါ်နေသော အငြင်းပွားမှုများကြောင့် Miss Grand Myanmar ပြိုင်ပွဲ၏ ဆက်လက်ကျင်းပရန် ကျန်ရှိနေသည့် Preliminary Competition နှင့် Grand Final ပြိုင်ပွဲများကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း ယနေ့ မေ ၆ ရက်နေ့တွင် တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဆုံးဖြတ်ချက်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြိုင်ပွဲဝင် တာချီလိတ် အလှမယ်တစ်ဦးမှ မယ်သီလရှင် ဝတ်စုံဖြင့် ယှဉ်ပြိုင်ခဲ့မှုအပေါ် လူမှုအသိုင်းအဝိုင်းအတွင်း ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့ခြင်းနှင့် ဆက်စပ်နေသည်ဟု သိရသည်။
Miss Grand Myanmar အဖွဲ့အစည်း၏ မေ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ အဆိုပါ ပြိုင်ပွဲဝင်၏ Performance ကို Full Rehearsal နှစ်ကြိမ်လုံးတွင် ကြိုတင် မပြသခဲ့သည့်အပြင် တာဝန်ရှိသူများထံသို့ မည်သည့်အကြောင်းကြားမှုမျှ မရှိခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ပြိုင်ပွဲစည်းကမ်းများအရ “နိုင်ငံတော်နှင့် အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် အပြုအမူများ ပြုလုပ်ပါက ပြိုင်ပွဲမှ ထုတ်ပယ်မည်” ဟူသော သတ်မှတ်ချက်ကို ချိုးဖောက်ခဲ့သည်ဟု သုံးသပ်သဖြင့် ယင်းတာချီလိတ် အလှမယ်အား ပြိုင်ပွဲမှ ထုတ်ပယ်လိုက်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
လက်ရှိတွင် ပြိုင်ပွဲ ပြန်လည်ကျင်းပမည့် ရက်စွဲကို မသတ်မှတ်ရသေးဘဲ နောက်ထပ် အသေးစိတ် အချက်အလက်များကို ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
