စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများကို သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီ တင်သွင်းဖြန့်ဖြူးနိုင်ရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ သုံးစွဲနိုင်ရေးနှင့် ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာကုမ္ပဏီများမှ စားအုန်းဆီများကို ပြည်ပမှတင်သွင်းလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါဆိပ်ကမ်း၊ ဗားဂရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်းနှင့် KIP ဆိပ်ကမ်းများသို့ ဆီသင်္ဘောများ ဝင်ရောက်ဆိုက်ကပ်လျက်ရှိကြောင်း သိရသည်။
၂၀၂၆ ခုနှစ် ဧပြီ (၂၇) ရက်တွင် ကြည့်မြင်တိုင်မြို့နယ်ရှိ KI P ဆိပ်ကမ်းသို့ MV. TIRTASARI သင်္ဘောဖြင့် စားအုန်းဆီများ ဝင်ရောက်လာခဲ့ပြီး Star (2) ဆီကန်သို့ တန်ချိန် (၂၉၀၀) နှင့် Star (4) ဆီကန်သို့ တန်ချိန် (၂၄၀၀)အသီးသီး သယ် ဆောင်လာကာ စုစုပေါင်း စားအုန်းဆီတန်ချိန် (၅၃၀၀) ဝင်ရောက်ခဲ့ကြောင်း သိရသည်။
