ဧပြီလ ၂ ရက်
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ Huione Pay ၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌဟောင်းဖြစ်သူ အွန်လိုင်းလိမ်လည်မှုသံသယရှိသူ လီရှုံ ကို မနေ့က ကမ္ဘောဒီးယားနိုင်ငံမှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ခြင်းသည် နှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ဖြစ်ကြောင်း သိရှိရသည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဘဏ္ဍာရေးရာပြစ်မှုဆိုင်ရာ အရေးယူဆောင်ရွက်ရေးကွန်ရက် (FinCEN) ၏ အဆိုအရ Huione အုပ်စုသည် ၂၀၂၁ ခုနှစ် ဩဂုတ်လမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း အနည်းဆုံး အမေရိကန်ဒေါ်လာ ၄ ဘီလျံခန့်ရှိသော တရားမဝင်ငွေကြေးများကို ခဝါချခဲ့သည်ဟု စွပ်စွဲခံထားရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မောနင်း က Prince Group ဥက္ကဋ္ဌ ချန်ဇီနှင့် ဆက်နွှယ်သူ တရုတ်နိုင်ငံသား လီ ကို ကမ္ဘောဒီးယားမှ တရုတ်သို့ လွှဲပြောင်းလိုက်ခြင်းသည် အွန်လိုင်းလိမ်လည်မှုနှင့် တရားမဝင်လောင်းကစားမှုများကို နှိမ်နင်းရန် ကမ္ဘောဒီးယားအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“အွန်လိုင်းလောင်းကစားနဲ့ ဆက်သွယ်ရေး လိမ်လည်မှုတွေကို တိုက်ဖျက်ခြင်းဟာ နိုင်ငံတကာအသိုက်အဝန်းရဲ့ ဘုံတာဝန်ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ဖြတ်ကျော် လိမ်လည်မှုများကို နှိမ်နင်းရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ၏ ဘေးကင်းလုံခြုံမှုနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန် ရည်ရွယ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
Source: ခမာတိုင်းမ်စ်
