ရန်ကုန်တိုင်း၊ ပန်းပဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဦးအောင်မြင့်(ခ)ဆူပရာမန်းနီးအား အမည်မသိအမျိုးသားများမှ ဩဂုတ် ၆ ရက်ညနေ ၅ နာရီခွဲခန့်က ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဖမ်းဆီးခေါ်ဆောင်သွားသူများက ည ၈ နာရီခန့်တွင် ဦးအောင်မြင့်၏ မိသားစုများထံသို့ဆက်သွယ်၍ ဦးအောင်မြင့်အား အသက်ရှင်လျက်ပြန်လည်ရရှိလိုပါက ငွေကျပ်သိန်း(၄,၅၀၀)နှင့် ရွှေ(၆၀)ကျပ်သားပေးရန် လုံခြုံရေးအဖွဲ့ဝင်များထံတိုင်ကြားခြင်းမပြုရန်၊ တိုင်ကြားပါကသတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုကာငွေကြေးတောင်းခံခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များကစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြရာမှ ဩဂုတ် ၇ ရက်တွင် ပြစ်မှုကျူးလွန်သူ(၉)ဦးကို အခင်းဖြစ်ပြီး ၁၂ နာရီအတွင်း၌ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကာ ပြန်ပေးဆွဲခံရသူကိုလည်း အ သက်ရှင်လျက်ပြန်လည်ရှာဖွေတွေ့ရှိကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများအား ဥပဒေများနှင့်အညီ ထိရောက် ပြင်းထန်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
