မြန်မာနိုင်ငံ၏ အကျိုးစီးပွားဖြစ်ထွန်းစေရေးအတွက် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (Belt and Road Initiative – BRI) အောက်ရှိ စီမံကိန်းများကို အရှိန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးကို BRI အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (BRI) အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဇွန် ၃၀ ရက် မွန်းလွဲ ၁ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာနရှိ စတုရင်္ဂဗလခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာသည့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက BRI မူဘောင်အောက်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၏ လက်ရှိအခြေအနေနှင့် တိုးတက်မှုများကို ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ပိုမိုဖြစ်ထွန်းစေရေးအတွက် BRI ဆိုင်ရာ စီမံကိန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရေး၊ စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်ရေး၊ BRI အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းများကို အထောက်အကူပြုနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ယင်းအပြင် BRI စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ ဝန်ကြီးဌာန (၂၃) ခု၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် နေပြည်တော်ကောင်စီတို့မှ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
