၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံး ပထမ (The Whole Burma First) ရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ အခြေခံပညာအထက်တန်းကျောင်း (၁၄) လှိုင်သာယာ (အရှေ့) မှ ကျောင်းသူ မနီနီကျော် အား POPULAR PLASTIC GROUP က ဂုဏ်ပြုဆုငွေ ကျပ်သိန်း (၃၀) ချီးမြှင့်ပေးခဲ့ပြီး တက္ကသိုလ်ပညာ ဆက်လက်သင်ကြားနိုင်ရေးအတွက် ကျောင်းတက်ရောက်သည့် ကာလအတွင်း လစဉ်ထောက်ပံ့ကြေး ကျပ် (၂) သိန်းကိုလည်း ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
POPULAR PLASTIC GROUP သည် လူမှုအကျိုးပြုလုပ်ငန်း (CSR) များကို ကဏ္ဍအသီးသီးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ပညာရေးကဏ္ဍတွင်လည်း ဝန်ထမ်းမိသားစုများမှ ပညာထူးချွန်သည့် သားသမီးများကို ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိသည့်အပြင် ပြင်ပမှ ပညာထူးချွန်ပြီး ပညာဆက်လက်သင်ယူရန် အထောက်အပံ့လိုအပ်သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ထောက်ပံ့ကူညီလျက်ရှိကြောင်း သိရသည်။
မနီနီကျော်သည် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာရပ် (၅) ခုဂုဏ်ထူး၊ စုစုပေါင်းရမှတ် (၅၃၀) မှတ် ဖြင့် ဝိပ္ပံဘာသာတွဲ တစ်နိုင်ငံလုံး ပထမအဖြစ် အောင်မြင်ခဲ့သူဖြစ်ပြီး ယခုချီးမြှင့်မှုသည် ထူးချွန်ကျောင်းသားများကို အားပေးမြှင့်တင်ရန်နှင့် ပညာရေးဆက်လက်သင်ယူနိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း POPULAR PLASTIC GROUP က ထုတ်ပြန်ထားသည်။
