အိမ်ထောင်ပြုလိုက်လို့ ပရိသတ်တွေ အချစ်ပေါ့သွားမလား ဆိုတဲ့ခေတ် မဟုတ်တော့ပါဘူး တင်မောင်ဆန်းမင်းဝင်း

0
116

တင်မောင်ဆန်းမင်းဝင်းက မင်းသားအငယ်ဘဝမှာပင် သူချစ်ရတဲ့ ချစ်သူနဲ့အိမ်ထောင်ပြုခဲ့တာပဲဖြစ်ပါတယ်။ မင်းသား သဘာဝ အိမ်ထောင်ပြုလိုက်ရင် ပရိသတ်တွေအချစ်ပေါ့သွားမလားဆိုတဲ့ခေတ်က ကျန်ရစ်ခဲ့ပြီဖြစ်ပြီး အခုအချိန်မှာတော့ အိမ်ထောင်ရှိတဲ့မင်းသားတွေကိုလည်း ပရိသတ်တွေက လူပျိုမင်းသားတွေနဲ့ တန်းတူ ချစ်ခင်အားပေး နေကြပါပြီ။ အားပေးမှု ရရှိဖို့အတွက်ကိုလည်း ကိုယ့်ဘက်ကနေ အနုပညာ ဖျော်ဖြေတင်ဆက်မှုပိုင်းဆိုင်ရာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားရမှာဖြစ်ကြောင်း တင်မောင်ဆန်းမင်းဝင်းက ပြောပြပါတယ်။

”ကျွန်တော့်ကို ချစ်တဲ့သူတွေက အနုပညာကို တကယ်မြတ်နိုးတဲ့ လူတွေ ပိုများပါတယ်။ ကျွန်တော်တို့ အနေအထားနဲ့ကလည်း အနုပညာကို လုပ်သင့်တဲ့အရွယ် ဖြစ်တဲ့အတွက် ကြိုးစားခဲ့တယ်။ ပြီးတော့ ကျွန်တော် အိမ်ထောင်ပြုခဲ့တယ်။ အဲဒီအတွက် ပရိသတ်တွေကလည်း ကိုယ်တင်ဆက်တဲ့ အနုပညာကိုကြည့်ပြီး ကောင်းတယ်လို့ မှတ်ချက်ပေးကြတယ်။ ဒီမင်းသား ကတာကောင်းတယ်၊ ဒီမောင်လေး ကတာကောင်းတယ်၊ ဒီအစ်ကို ကကောင်းတယ်ဆိုပြီး ဖြစ်လာတော့ အမျိုးတွေလိုမျိုး ညီအစ်ကို မောင်နှမ တစ်ယောက်လိုမျိုး ပရိသတ်တွေနဲ့ ဆက်ဆံမှု ဖြစ်လာတယ်။ တချို့ ညီငယ်မင်းသားတွေလည်း အိမ်ထောင် ပြုဖို့ကို ကြောက်နေတာတွေ ရှိပါတယ်။ ပြုပါလို့လည်း မပြောပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အနေအထားနဲ့ ကိုယ်ပဲ အသိဆုံးပါ။ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီးတော့ပဲ စဉ်းစားပါ။ အခု ရည်းစားထားတဲ့ ညီငယ်လေးတွေ ရှိတယ်။ ယူလိုက်ရင် အဆင်ပြေပါ့မလားဆိုပြီး တွေးကြတာတွေလည်း ရှိမယ်။ ကျွန်တော်ပြောချင်တာကတော့ အချစ်နဲ့ပတ်သက်ရင် အဆုံးစွန် အထိသွားပါ။ ဘာကြောင့်လဲဆိုတော့ အချစ်က တန်ဖိုးလည်း ကြီးတယ်။ ၅၂၈ ကစပြီး ၁၅ဝဝ အထိ ချစ်ခြင်း မေတ္တာက သိပ်ကိုအရေးကြီးပါတယ်။ လက်ထပ်ဖို့အထိ ရွေးထားတယ်ဆိုရင်လဲ ဆက်သွားပါ။ တစ်ဖက်မှာ ပြည့်စုံအောင်လုပ်ပြီး ဆက်သွားပေါ့လေ။ မရွေးထားဘူးဆိုရင်တော့ ထပ်ချစ်ပါ။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ပဲ ကိုယ်သွားပါ။ ဆုံးဖြတ်ပြီးပြီဆိုရင်တော့ မပြင်နဲ့ပေါ့။ ကျွန်တော်ဆိုရင် တစ်ဦးတစ်ယောက်အတွက် ဆုံးဖြတ်လိုက်တာဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက်အတွက်ပဲ အချစ်တွေကို ပုံပေးလိုက်တယ်။ အိမ်ထောင်ပြုလိုက်လို့ ပရိသတ်တွေက အချစ်ပေါ့သွားမယ် ဆိုတာမျိုးကတော့ ဒီခေတ်မှာ မရှိတော့ပါဘူး။ လူတွေအားလုံးက အမြင်ကျယ်သွားကြပါပြီ” လို့ ညီငယ် သဘင်မင်းသားတွေအတွက် တင်မောင်ဆန်းမင်းဝင်းက အကြံပြုစကား ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here