မြန်မာ့ယဉ်ကျေးမှုနှင့် သွေဖည်ပြီး စည်းပျက်ကမ်းပျက် မဖြစ်ရလေအောင် သဘင်အစည်းအရုံး (ဗဟို)မှ ကြပ်မတ်ဆောင်ရွက်လျက်ရှိ

0
163

ဇာတ်သဘင် အဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုများအား မြန်မာ့ယဉ်ကျေးမှုနှင့် သွေဖည်ပြီး စည်းပျက်ကမ်းပျက် မဖြစ်ရလေအောင် မြန်မာ့နိုင်ငံ သဘင် အစည်းအရုံး (ဗဟို) အနေဖြင့် ကြပ်မတ်ပြီး အရေးယူ ဆောင်ရွက်လျက် ရှိပါကြောင်း သဘင် အစည်းအရုံး (ဗဟို) အတွင်းရေးမှူး ဦးနေဝင်းက ပြောသည်။

“သဘင်အစည်းအရုံး (ဗဟို)အနေနဲ့ ရိုးရာ ယဉ်ကျေးမှုတွေ ထိန်းသိမ်းဖို့ရာ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ ဇာတ်တို့၊ အငြိမ့်တို့၊ ဆိုင်းတို့၊ ရာမယဏတို့ ရုပ်သေးတို့ အစရှိသဖြင့်ပေါ့နော်။ ပြီးတော့ လူရွှင်တော် အဖွဲ့တွေ၊ မျက်လှည့်ဆပ်ကပ် အဖွဲ့တွေ အားလုံးကိုလည်း စည်းမျဉ်း စည်းကမ်းတွေကို ဖြန့်ဝေပေးပါတယ်။ ဖြန့်ဝေတဲ့ အခါမှာလည်း အများကြီး လိုက်နာကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အနုပညာသမားတွေရဲ့ ထမင်းအိုး မီးတောက် ဆိုတာလည်း ရှိပါတယ်။ ခေတ်ရေစီးကြောင်းကိုလည်း ကျွန်တော်တို့ လုံးဝမေ့ပြစ်လို့ မရတဲ့အတွက် ခေတ်ရဲ့ တောင်းဆိုမှု အတိုင်းအတာလေးတွေမှာ များသောအားဖြင့်တော့ ဇာတ်တွေ၊ အငြိမ့်တွေမှာ ဖျော်ဖြေရတာမျိုးတွေ ရှိပါတယ်။ ဖျော်ဖြေရတဲ့ အခါမှာလည်း ကျွန်တော်တို့က ခွင့်ပြုပါတယ်။ သို့သော် သရုပ်ပျက် ဝတ်စားဆင်ယင်တာမျိုး၊ အတိုအပြတ်တွေ ဝတ်တာမျိုး၊ မြန်မာလူမျိုးတို့ရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ မသင့်လျော်တဲ့ မောင်နဲ့နှမ သားနဲ့အမီ ကြည့်ရှုလို့ မသင့်လျော်တဲ့ ပုံစံမျိုးတွေကို ဇာတ်စင်ပေါ်မှာ ဖျော်ဖြေလာပြီ ဆိုရင်တော့ ကျွန်တော်တို့ break လုပ်ပါတယ်။ ဖျော်ဖြေတင်ဆက်လာတဲ့ အနုပညာရှင်ထဲကဖြစ်ဖြစ်၊ ဧည့်သည်ပဲ ဖြစ်ဖြစ်ပေါ့လေ။ ဧည့်သည်ဆိုတာက ဂီတလိုင်းကလာပြီးတော့ ဖျော်ဖြေတာ၊ မော်ဒယ်လ်လိုင်းက လာပြီးတော့ ဖျော်ဖြေတာမျိုးတွေ ရှိပါတယ်။ သူတို့က သူတို့ဝတ်စားချင်တာ ဝတ်စားပြီး ကျွန်တော်တို့ သဘင်စင်မြင့်မှာ နေရာယူပြီး လာရောက် ဖျော်ဖြေတာမျိုး ဆိုရင် ကျွန်တော်တို့ သဘင်စင်မြင့်မှာ လုံးဝ ဖျော်ဖြေခွင့် မပြုပါဘူး ဆိုပြီးတော့ အသိပေး အကြောင်းကြားစာတွေနဲ့ ထုတ်ပြန်တားမြစ်ခဲ့တာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ အတတ်နိုင်ဆုံး ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းနေပါတယ်” လို့ သရုပ်ပျက် ဝတ်စားဆင်ယင်ကာ သဘင်စင်မြင့်ထက်တွင် ဖျော်ဖြေမှုနှင့် ပတ်သက်ပြီး ဆောင်ရွက်နေမှုအား သဘင် အစည်းအရုံး(ဗဟို) အတွင်းရေးမှူး ဦးနေဝင်းက ပြောသည်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here