ထွေးပွေ့မြတ်နိုးနေမိတာ…

1
1091

ဖြူနီညိုပြာ အသွေးအရောင်စုံ
ဝတ်ကြောင်ကို လွတ်အောင်ရုန်းနိုင်ခဲ့တဲ့
‘စိတ်’ အလင်းရောင်လေးကို
ထွေးပွေ့ မြတ်နိုးနေမိတာ . . . ။

အဖြူကဲလာတဲ့ ဆံစတွေကို ရိတ်ချ
အမည်းရောင်ဖြစ်ဖို့ ဆိုးဆေးကူခဲ့ရတဲ့ ဘဝကို
လက်ပြနှုတ်ဆက် ရုတ်တရက်ထွက်ခွာ
မာယာသာဌေယျ နဲ့ ရန်ဖြစ်
ဘုရားသားတော်ဖြစ်ခွင့်ရခဲ့တဲ့
ကံကောင်းခြင်း လက်ဆောင်လေးကို
ထွေးပွေ့ မြတ်နိုးနေမိတာ . . . ။

မဟာကရုဏာရင်ခွင်အရိပ်ခိုလှုံ
သုံးပုံပိဋကတ် ရင်မှာကပ်လို့
အပ်၏ မအပ်၏ ဝိနည်းစည်းကမ်း
သက်စွန့်ထမ်းလည်း မပင်ပန်းပါ
သံသရာလမ်းချောမွေ့စေဖို့
ဆောင်ပို့ခဲ့လေသော
ဘုရားရှင်ကျေးဇူး ဦးထိပ်ပန်ဆင်
ပူဇော် ကျေးဇူးဆပ်ချင် စိတ်ကလေးကို
ထွေးပွေ့ မြတ်နိုးနေမိတာ . . . . . ။

ဂန္ဓဓုရ ဝိပဿနာဓုရ
စာချစာသင် စွမ်းနိုင်ရင်လုပ်
ခန္ဓာသဘာဝ လမ်းစရှာဖွေ
ဖြစ်ပျက်အဖြေထုတ်
ထိုအလုပ်နှစ်မျိုး ကြိုက်နှစ်သက်ရာလုပ်
စွမ်းနိုင်ရင် နှစ်မျိုးစလုံးလုပ်
ဘုရားရှင်ထုတ်ဖော်ညွှန်ပြခဲ့တဲ့
သာသနာ့တာဝန်
ကျေပွန်ချင်စိတ်ကလေးကို
ထွေးပွေ့ မြတ်နိုးနေမိတာ . . . . . ။

ဘုရားရှင်ဖြည့်ခဲ့တဲ့ ပါရမီတော်တွေကိုမှ အားမနာ
သင်္ကန်းတလွှားလွှား
လတ်လျားလတ်လျားနဲ့
ဟိုသွားဒီသွား စကားထဲကဇာတိပြ
လာဘ သက္ကာရ သိလောကရဲ့ နောက်
တကောက်ကောက်လိုက်
အမိုက်ဓာတ် အဝိဇ္ဇာအမှောင်ကြား
မိုးခါးရေ မသောက်ချင်စိတ်ကလေးကို
ထွေးပွေ့ မြတ်နိုးနေမိတာ . . . . . ။

ကိုယ့်ထက်သာ မနာလို
ဣဿာ မစ္ဆရိယ တွေပို
ရန်လိုတတ်သော
ပုထုဇဉ်မှော်ရုံတောမှာ
မောပြီးရင်း မောနေရတဲ့ဘဝကို
မစင်လိုစက်ဆုပ်
နောက်ဆုတ် ကျောခိုင်းချင်နေတဲ့
စိတ်ဇောကလေးကို
ထွေးပွေ့ မြတ်နိုးနေမိတာ . . . . ။

သေသေချာချာ တွေးကြည့်ရင်
ကွေးသောလက် မဆန့်မီ
ဆန့်သောလက် မကွေးမီ
ရုတ်တရက် ဝေးသွားနိုင်တဲ့ ဘဝထဲ-

မာနတွေလည်း ခဝါမချ
ဒေါသတွေနဲ့ အာဏာပြ
မုသာဝါဒတွေနဲ့ ဟန်ဆောင်ကြ
ကြည့်ရ မြင်ရ ကြားရသမျှ
အကျည်းတန်လှတဲ့ မောဟ
မပြုပြင်ကြတော့တဲ့ လူ့လောက
ဘာမျှစွဲလမ်းစရာ မရှိ၊
ကိလေသာ မာယာဘုံအောက်
နောက်တစ်ခေါက်အလည်မရောက်ချင်
စင်ကြယ်မှုကို လိုလား
သန့်ရှင်းတဲ့ စိတ်ထားကလေးကိုပဲ
ထွေးပွေ့ မြတ်နိုးနေမိတော့တာ . . . . ။ ။

ဆရာမြသန်းစံ


1 COMMENT

  1. Your style is so unique in comparison to
    other people I have read stuff from. I appreciate you for posting when you
    ave the opportunity, Guess I’ll just bookmark this site.

LEAVE A REPLY

Please enter your comment!
Please enter your name here