ဘွဲ့ရအောင်ကြိုးစားသွားမယ်ဆိုတဲ့ အကယ်ဒမီ စိုးပြည့်သဇင်

0
147

ရုပ်ရှင်အနုပညာလောကမှ အနုပညာရှင်သမားအများစုဟာ ဘွဲ့ရရှိပြီးမှ ဒီအနုပညာအလုပ်ကို လုပ်ကိုင်ကြတဲ့သူတွေရှိသလို ကျောင်းပညာရေးက တစ်ဖက် အနုပညာအလုပ်က တစ်ဖက်နဲ့ လုပ်ကိုင်နေကြတဲ့ အနုပညာရှင်တွေလည်းရှိပါတယ်။ အဲဒီလို အနုပညာရှင်တွေထဲမှာဆိုရင် ပြည်သူချစ်တဲ့ အကယ်ဒမီ စိုးပြည့်သဇင်တစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။ သူမက အရှေ့ပိုင်းတက္ကသိုလ်မှာ မြန်မာစာအထူးပြုဘာသာရပ်ကို တက်ရောက်သင်ယူနေသူဖြစ်ပြီး ဒီနှစ်မှာတော့ တတိယနှစ်စာမေးပွဲကြီးကို အောင်မြင်သွားခဲ့ပြီးဖြစ်ပါတယ်။ နောက်ထပ်တစ်နှစ်ဆက်တက်ပြီးရင် တက္ကသိုလ်ပညာရေးပြီးဆုံးတိုင်ကာ ဘွဲ့ ရတော့မှာဖြစ်တဲ့အတွက် ဘွဲ့ရရှိဖို့အတွက်ကိုလည်း ကြိုးစားသွားမှာဖြစ်ကြောင်းကို စိုးပြည့်သဇင်က …

”ဆယ်တန်းကို တစ်နှစ်ကျရှုံးပြီးမှ အောင်မြင်ခဲ့တာဆိုတော့ အဲဒီလိုမျိုးကြီး စာမေးပွဲ ထပ်မကျရှုံးချင်ဘူး။ မကျချင်တော့ စိုးပြည့်အတတ်နိုင်ဆုံး စာတွေ ကျက်တယ်။ ကြိုးစားတယ်ပေါ့နော်။ စိုးပြည့်က စာမေးပွဲနဲ့ပတ်သက်ရင် စိုးရိမ်စိတ်နည်းနည်းများတယ်။ အမေတို့ကတောင်ပြောတယ်။ ဆယ်တန်းစာမေးပွဲလည်းမဟုတ် တက္ကသိုလ်စာမေးပွဲဖြေဆိုမယ့်ကိစ္စကို ဘာလို့စိုးရိမ်စိတ်တွေများနေတာလဲလို့ ပြောကြတယ်။ စာမေးပွဲဖြေရက်ကဆို ည ၁၂ နာရီ ထိကျက်တယ်။ မနက်၃ နာရီ အ လန်းပေးပြီး ပြန်ကျက်တယ်။ တစ်နေ့ကို အိပ်ချိန် ၃ နာရီပဲ အိပ်ရတယ်။ ဒီ့ထက်ခက်တဲ့ ဘာသာရပ်တွေရှိပါတယ်။ ဒါပေမဲ့ စိုးပြည့်က စိုးရိမ်စိတ်များတော့ အဲဒီလိုလေးတော့ ကြိုးစားခဲ့တယ်ပေါ့နော်။ အခုတော့ တတိယနှစ်အတန်းအောင်မြင်သွားပြီး ဖိုင်နယ်မမ ဖြစ်သွားပြီပေါ့နော်။ ဒီတစ်နှစ်ပဲ ကျန်တော့တယ်။ ဒီတစ်နှစ်ပြီးရင် စိုးပြည့်ဘွဲ့ရမယ်။ စိုးပြည့်စာမေးပွဲအောင်မြင်တာကို ဂုဏ်ပြုပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးအများကြီးတင်ပါတယ်။ စိုးပြည့်ဒီ့ထက်လည်း အနုပညာအလုပ်တွေကို ကြိုးစားပြီးတော့ ဘွဲ့လည်းရအောင် ကြိုး စားပါ့မယ်”လို့ ပြောပြပါတယ်။
ဒီလို အဝေးသင်စာမေးပွဲဖြေဆိုတဲ့ ရက်တွေမှာဆို နှစ်စဉ်နှစ်တိုင်း ဇာတ်ကားရိုက်ကူးမှုတွေနဲ့ အမြဲကြုံရပြီး အလုပ် တစ်ဖက်နဲ့ အသည်းအသန်စာတွေကျက်ခဲ့ရတဲ့ အခက်အခဲလေးတွေရှိခဲ့ပြီး နှစ်တိုင်းစာမေးပွဲအောင်မြင်ခဲ့တဲ့အတွက် ဝမ်းသာပျော်ရွှင်ရကြောင်း ပြောပြပါတယ်။ သူမအနေနဲ့ ပါဠိစာပေများ၊ ဇာတ်တော်များ၊ ကျောက်စာများအကြောင်းကို စိတ်ဝင်စားခြင်းကြောင့် မြန်မာစာဘာသာရပ်ကို ယူခဲ့ခြင်းဖြစ်တယ်လို့ စိုးပြည့်သဇင်က ပြောပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here