မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံ အနုပညာရှင်တွေ ပူးပေါင်း ရိုက်ကူးခဲ့တဲ့ From Bangkok to Mandalay ရုပ်ရှင်ဇာတ်ကားကြီးဟာ ထိုင်းနိုင်ငံ အကယ်ဒမီ ဆု ပေးပွဲမှာ ဆန်ခါတင် ၅ကား စာရင်းဝင်ခဲ့တဲ့ အပြင် ပါဝင်တဲ့ သရုပ်ဆောင်တွေဖြစ် တဲ့ အကယ်ဒမီ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ အကယ်ဒမီ ဝတ်မှုံရွှေရည်၊ ထိုင်းမင်း သမီး Nann Wahn တို့ထဲက အကယ်ဒမီ နေတိုးနဲ့ စိုင်းစိုင်းခမ်းလှိုင်တို့ဟာ အကောင်းဆုံး ဇာတ်ပို့ဆုနဲ့ အကောင်းဆုံး ဇာတ်ဆောင်ဆုတို့အတွက် ဆန် ခါတင်၅ယောက် စာရင်းဝင်ခဲ့ကြပေမယ့် ဆုတွေနဲ့တော့ လွဲချော်ခဲ့ရ ပါတယ်။ သို့သော်လည်း From Bangkok to Mandalay ရုပ်ရှင်ဇာတ်ကားရဲ့ Official Soundtrack “The Journey” ကို သီဆိုခဲ့တဲ့ ထိုင်းလူမျိုး အမျိုးသမီး အဆိုတော် Natt Buntita က အကောင်းဆုံး ရုပ်ရှင်တေးသီချင်းဆု The Best Original Song Awards ကိုရယူပိုင်ဆိုင် သွားနိုင်ခဲ့တဲ့ အတွက် ပီတိ ဖြစ်ရပါတယ်လို့ မြန်မာနိုင်ငံဘက် က ထုတ်လုပ်သူဖြစ်တဲ့ မိုးကောင်းကင် ရုပ်ရှင် ထုတ်လုပ်ရေး ပိုင်ရှင် ဦးစူဝမ်းက ပြော ပြပေးခဲ့ပါတယ်။ From Bangkok to Mandalay ကိုဖန်တီး ခဲ့တဲ့ ထိုင်းလူမျိုး ဒါရိုက်တာ Chartchai Ketnust နဲ့ နောက် ထပ်ရုပ်ရှင်ဇာတ်ကား တစ်ကားထပ်မံ ရိုက်ကူးနိုင်ရန် အတွက် ညှိနှိုင်းနေကြတယ် လို့လည်း ဆိုပါတယ်။
“အဓိကကတော့ ဘတ်ဂျက်ပါပဲ။ ဘတ်ဂျတ် အပေါ် မူတည်ပါတယ်။ ပြီးခဲ့တဲ့ ဇာတ်ကားတုန်းကလည်း ဘတ်ဂျတ် တွေ ပိုကုန်သွားခဲ့ရတာတွေ ရှိတယ်။ မထင်မှတ်ထား တာလေး တွေ လည်းဖြစ်ခဲ့တော့ ဇာတ်ကား ရုံတင်တဲ့အခါ ဝင်ငွေဟာ ထင်မှတ်ထားသလောက် အထိရ မလာခဲ့ဘူး။ အဲဒါကြောင့် လည်း ဒီတစ်ခေါက် ရိုက်ကူးမယ့် ဇာတ်ကားအတွက် ဘတ်ဂျတ်တွေကို တွက်ရတော့မယ်။ ကုန်ငွေနဲ့ ရငွေနဲ့ကို ပြန်တွက်ရမှာ ဖြစ်တယ်။ ရိုက် တာကတော့ ရိုက်ကူးချင်နေပါတယ်။ ဒီတစ်ခေါက် ရိုက်သွားတုန်း ကတော့ ကျွန်တော်တို့ မြန်မာ အကြိုက် မဟုတ်ဘူးလေ။ ဒါပေမဲ့ အရုပ် အသံကွာလတီ၊ ဖန်တီး တင်ပြနိုင်မှုတွေက တအား ကောင်းပါ တယ်။ မြန်မာပရိသတ် တွေက ဒရာမာဖြစ်ချင်ဖြစ် ဒါမှမဟုတ် Comedy ဖြစ်ရ မယ်လေ။ အဲ့ဒီတော့ နောက်တစ်ကား ရိုက်နိုင် ဖို့အတွက် ညှိစရာလေးတွေအများ ကြီးရှိနေပါ တယ်”လို့ ဆိုပါတယ်။
From Bangkok to Mandalay ကိုဖန်တီးခဲ့တဲ့ ထိုင်းလူမျိုး ဒါရိုက်တာ Chartchai Ketnust နဲ့ ထိုင်းမင်းသမီး Nann Wahn တို့ဟာ မတ်လ ၁၈ရက်နေ့ ပြည်သူ့ရင် ပြင်မှာပြုလုပ်မယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန် ဆုပေးအပ်ပွဲ ကို တက်ရောက်ကြမှာဖြစ်တယ် လို့လည်း ဆိုပါတယ်။
“ထိုင်းအကယ်ဒမီမှာ သီချင်း ဆုရခဲ့တဲ့ အဆိုတော် အမျိုးသမီး ပါမလား ဆိုတာ မသိ သေးပေမယ့် ထိုင်းဒါရိုက်တာ နဲ့ ထိုင်းမင်းသမီး တို့ကတော့ ကျိန်း သေတက်ရောက် ကြမှာဖြစ်ပါတယ်။ ထိုင်း မင်းသမီး လေးကတော့ မြန်မာလို ဝတ်ဆင်ပြီး အကယ်ဒမီပွဲ တက်မှာ ဖြစ် ပါတယ်။ အခုသူက ထိုင်းမှာလည်း ဇာတ် လမ်းတွဲတွေ အများကြီး ရိုက်ကူးနေ ရပြီဖြစ်ပါတယ်”လို့ ပြောပြပေး ခဲ့ပါတယ်။
ထက်လူ