အကယ်ဒမီ ရွှေကြို အတွက် နိုင်ငံရပ်ခြား Miss များနှင့် Mister ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ဖူးသူများ လာရောက်လျှောက်ထားခွင့် မရနိုင်

0
115

Shwee

၂ဝ၁၇ ခုနှစ်၊ မတ်လမှာ ကျင်းပပြုလုပ်တော့မယ့် အကယ်ဒမီဆုပေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ အကယ်ဒမီဆု ပေးပွဲမှာ ပြုလုပ်ထည့်သွင်းနေကျ ပုံမှန်အစီအစဉ်တစ်ခုဖြစ်တဲ့ အကယ်ဒမီရွှေကြို မောင်၊ မယ် လျှောက်လွှာများကို ဇန်နဝါရီလ ၁၃ ရက်နေ့ကနေ စတင်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ လျှောက်လွှာပုံစံတွေကို လာရောက်ထုတ်ယူနိုင်ပြီဖြစ်ပြီး လာရောက်လျှောက်ထားမယ့် ရွှေကြိုမောင်မယ်တွေအနေနဲ့ လျှောက် လွှာများကို ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထားပေးပို့ ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ကြေညာထားပါတယ်။

လာရောက်ယှဉ်ပြိုင်ရာမှာ နိုင်ငံရပ်ခြား Miss ပြိုင်ပွဲတွေနဲ့ Mister ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖူးသူတွေ အနေနဲ့ တော့ လာရောက်ယှဉ်ပြိုင်ခွင့်ရနိုင်မှာမဟုတ်ကြောင်း အကယ် ဒမီ ရွှေကြိုဆုဗန်းကိုင် ရွေးချယ်ရေးကော်မတီအဖွဲ့ဝင် ရုပ်ရှင်အမှုဆောင်တစ်ဦးဖြစ်တဲ့ တက္ကသိုလ် ယဉ်ယဉ်လဲ့က ပြောပါတယ်။

” အသက်အရွယ်ကိုတော့ မနှစ်က ၁၆ နှစ်ကနေ ၂၂ နှစ် အတွင်းကန့်သတ်ပြီးတော့ ရွေးချယ်ခဲ့တယ်။ ဒီနှစ်မှာတော့ အသက်အရွယ်ကို ၁၆ နှစ်ကနေ ၂၄ နှစ်လောက်အထိ တိုးပေးဖို့ စီစဉ်ဆွေးနွေးနေကြပါတယ်။ ဆိုလိုတာက ၂၃ နှစ် ၊ ၂၄ နှစ်တွေလည်းပါနိုင်တာပေါ့။ နောက်တစ်ခုရှိတာက ရွှေကြိုလာ ရောက်လျှောက်မယ့် သူတွေဟာ နိုင်ငံရပ်ခြား Miss ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖူးသူတွေဖြစ်လို့ မရပါဘူး။ နိုင်ငံရပ်ခြား Miss ပြိုင်ပွဲတွေ ဝင်မပြိုင်ဖူးသူဖြစ်ရပါမယ်။ ဒါပေမဲ့ ပြည်တွင်းမှာပဲ ပြုလုပ်တဲ့ ဥပမာ (Miss Now How) အဲဒီလိုမျိုး တံဆိပ်ပြိုင်ပွဲ မှာ ဆုရဖူးတဲ့ Miss တွေကတော့ လာရောက်ယှဉ်ပြိုင်ခွင့်ရှိ ပါတယ်။ နိုင်ငံရပ်ခြား Miss ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ဖူးသူတော့ မဖြစ်ရဘူးပေါ့” လို့ တက္ကသိုလ် ယဉ်ယဉ်လဲ့ကပြောပြပေးပါတယ်။ လျှောက်လွှာထုတ်ယူချိန်ကိုတော့ မနက်ပိုင်းကနေ စတင်ပြီး ညနေ ၅ နာရီအထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ထုတ်ယူနိုင်ပြီ ဖြစ်ပါတယ်။

အခုနှစ်အကယ်ဒမီ ရွှေကြိုကိုတော့ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ မို့မို့မြင့်အောင်၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ မေသန်းနု ၊ စာရေးဆရာ ဦးဝင်းငြိမ်း၊ စာရေးဆရာ ဦးမြတ်ခိုင်၊ စာရေးဆရာကိုမျိုး(မြန်မာစာ)၊ ဓာတ်ပုံပညာရှင် ဦးမိုးမင်း(Rays)၊ တက္ကသိုလ် ယဉ်ယဉ်လဲ့၊ ဒေါ်ခင်သန်းနွယ်၊ ဒါရိုက်တာ မောင်ဗေဒါ၊ ဒါရိုက်တာ အိအိခိုင်တို့က ရွေးချယ်သွားမှာဖြစ်ပါတယ်။

၂ဝ၁၄ ခုနှစ်အကယ်ဒမီ ထူးချွန်ဆုပေးအပ်ပွဲမှ စတင်ပြီး အကယ်ဒမီ ဗန်းကိုင်ဆိုသည့် အသုံးအနှုန်းကို အကယ်ဒမီ ရွှေကြိုဟု ပြောင်းလဲကာ အမျိုးသမီးများသာမက အမျိုးသားများကိုပါခေါ်ယူခဲ့ပြီး အဲဒီနှစ်က ရွှေကြိုလာရောက် လျှောက်ထားသူ ဦးရေစုစုပေါင်း လေးရာကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ ၂ နှစ်ပေါင်း အကယ်ဒမီဆုပေးပွဲမှာတော့ ရွှေကြို အမျိုးသား ၁ဝ ဦးနဲ့ အမျိုးသမီး ၁ဝ ဦးအထိ (အသက် ၁၆နှစ်မှ ၂၂နှစ်အတွင်းက ) ရွှေကြိုမောင်မယ်တွေကို ရွေးချယ်ထားခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here