လာမည့် ဇွန်လတွင်စတင်မည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ အ ခြေခံပညာစာသင်ကျောင်း(၁၆၄)ကျောင်းဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
စစ်ရေးပဋိပက္ခများ၊ အချိန်ကြာမြင့်စွာဖွင့်လှစ်နိုင်ခြင်းမရှိသည့် စာသင်ကျောင်းများတွင် ပျက်စီးမှုများ၊ ကျောင်းဝင်းများအတွင်း ခြုံနွယ်များ၊ အမှိုက်သရိုက်များကို လုံခြုံရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ပြုပြင်ရှင်းလင်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
” စစ်ရေးပဋိပက္ခတွေဖြစ်တဲ့အချိန်မှာ ကော့ကရိတ်မြို့ပေါ်က စာသင်ကျောင်း(၁၀)ကျောင်းလောက်ဘဲဖွင့်နိုင်တယ်။ ကျေးရွာတွေက ကလေးတွေဆိုရင် သူတို့စစ်ရှောင်နေရတဲ့နေရာဒေသတွေမှာ ပြည်နယ်အစိုးရကစစ်ဘေးရှောင်ကျောင်းသားတွေ ကျောင်းတက်နိုင်အောင်သက်ဆိုင်ရာပညာရေးဌာနနဲ့ချိတ်ဆက်ထားပေးတယ်။ အဲ့ဒီမှာတက်ကြရတယ်”ဟု ကော့ကရိတ်မြို့နယ်ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်နီနီအောင်က ပြော သည်။
ထို့ပြင် ကော့ကရိတ်မြို့နယ်တွင် ပြန်လည်ဝင်ရောက်နေထိုင်သူများပြားလာခြင်း၊ ဆရာ၊ ဆရာမများအား အခြား မြို့နယ်များသို့ တွဲဖက်တာဝန်ပေးထားရာမှ မြို့ နယ်၌သာပြန်လည်တာဝန်ထမ်းဆောင်စေခြင်းတို့ကြောင့် လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ ကော့ကရိတ်မြို့နယ်၌ ကျောင်းဖွင့်နိုင်မှုများမည်ဖြစ်ကာ တက်ရောက်မည့်ကျောင်းသား၊ ကျောင်းသူဦးရေလည်းအများအပြားရှိနေကြောင်း သိရသည်။
ယခုအချိန်၌ ကော့ကရိတ်မြို့နယ်မှာ ပြန်လည်တည် ငြိမ်လာပြီဖြစ်၍ မြို့ပေါ်နှင့် ကျေးရွာများရှိ အခြေခံပ ညာစာသင်ကျောင်း(၃၀၀)ကျောင်းအနက် (၁၆၄) ကျောင်းကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်ပြန်လည်ဖွင့်လှစ်ရန်ဆောင်ရွက်လျက်ရှိပြီး ယင်း ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ(၂၀,၀၃၆)ဦးကျော်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
