ရန်ကုန်၊ ဩဂုတ် ၉
မြန်မာအမျိုးသမီးလိဂ် ၂၀၂၆-၂၀၂၇ ရာသီပွဲစဉ် (၉) ရာသီဝက်နောက်ဆုံးပွဲစဉ်အဖြစ် ဧရာဝတီအက်ဖ်စီနှင့် ရှမ်းယူနိုက်တက်အက်ဖ်စီတို့ ယနေ့ညနေပိုင်းက သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ လက်ရှိချန်ပီယံ ဧရာဝတီအက်ဖ်စီက ရှမ်းယူနိုက်တက်အက်ဖ်စီကို ၃-၀ ဂိုးဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည်။
ဧရာဝတီအက်ဖ်စီအတွက် အနိုင်ဂိုးများကို မေထက်လူနှင့် နန်းခိုင်ဇင်မြင့်တို့က တစ်ဂိုးစီ သွင်းယူခဲ့ပြီး ကျန်တစ်ဂိုးမှာ ရှမ်းယူနိုက်တက် ကစားသမား ခိုင်သဇင်၏ ကိုယ့်ဂိုးကိုယ် သွင်းမိမှုမှ ရရှိခဲ့ခြင်းဖြစ်သည်။
ဧရာဝတီအက်ဖ်စီသည် တိုက်စစ်နှင့် ခံစစ်ပိုင်း၌ ထိရောက်စွာ ကစားနိုင်ခဲ့ပြီး ရှမ်းယူနိုက်တက်ကို ဂိုးမပေးရဘဲ အနိုင်ရရှိခဲ့သည့်အတွက် ရာသီဝက်နောက်ဆုံးပွဲစဉ်ကို Clean Sheet နိုင်ပွဲဖြင့် အဆုံးသတ်နိုင်ခဲ့သည်။
ရှမ်းယူနိုက်တက်အက်ဖ်စီအနေဖြင့် ယခင်ပွဲစဉ်များတွင် ရလဒ်ကောင်းများ ရရှိထားသော်လည်း ဧရာဝတီအက်ဖ်စီနှင့်တွေ့ဆုံသည့် ရာသီဝက်နောက်ဆုံးပွဲတွင် ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ယင်းနိုင်ပွဲကြောင့် ဧရာဝတီအက်ဖ်စီ သည် လက်ရှိချန်ပီယံဆုကို ကာကွယ်ရန် အမှတ်ပေးဇယားထိပ်ပိုင်းတွင် ဆက် လက်ဖိအားပေးနိုင်မည့် အခြေအနေကို ရရှိထားသည်။
မြန်မာအမျိုးသမီးလိဂ် ၂၀၂၆-၂၀၂၇ ရာသီ၏ ရာသီဝက်ပွဲစဉ်များအပြီးတွင် အသင်းများအနေဖြင့် ဒုတိယအကျော့ပွဲစဉ်များအတွက် ဆက်လက်ပြင်ဆင်သွားရမည်ဖြစ်သည်။
