သာယာဝတီ၊ ဩဂုတ် ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းအား ကောလိပ်အဆင့်သို့ မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်း၏ စာတွေ့၊ လက်တွေ့ သင်ကြားသင်ယူရေး လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကောလိပ်အဆင့် မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့် အကြိုလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားကြရန် တာဝန်ရှိသူများအား ပြောကြားခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် သာယာဝတီ၊ ထားဝယ်နှင့် ကျောက်တော် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ ရေရှည်တည်တံ့သော သင်ကြားရေးအတွက် မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ကြရန် တိုက်တွန်းခဲ့သည်။
လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ကျွမ်းကျင်လူသားအရင်းအမြစ်များဖြစ်အောင် ကြိုးပမ်းကြရန်၊ ပညာသင်ယူပြီးပါက မိမိဘဝတိုးတက်ရေးနှင့်အတူ တောင်သူများအား အကျိုးပြုနိုင်ရေးအတွက် လုပ်ငန်းခွင် မှန်ကန်စွာ ရွေးချယ်ကြရန်လည်း ထည့်သွင်းမှာကြားခဲ့ကြောင်း သိရသည်။
