Home News Local News မိုးဆက်တိုက်ရွာသွန်းမှုကြောင့် သဖန်းဆိပ်ရေလှောင်တမံမှ ရေပိုလွှဲ ရေလွှတ်ထုတ်နေရသော်လည်း တမံကြံ့ခိုင်မှုရှိပြီး စိုးရိမ်ရန်မလိုဟု ထုတ်ပြန်

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် သဖန်းဆိပ်ရေလှောင်တမံမှ ရေပိုလွှဲ ရေလွှတ်ထုတ်နေရသော်လည်း တမံကြံ့ခိုင်မှုရှိပြီး စိုးရိမ်ရန်မလိုဟု ထုတ်ပြန်

0
114

ကန့်ဘလူ၊ ဩဂုတ် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်း မိုးဆက်တိုက်သည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် သဖန်းဆိပ်ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု မြင့်တက်လာသဖြင့် တမံအတွင်း ရေထိန်းညှိရန် ရေပိုလွှဲမှ ရေစတင်လွှတ်ထုတ်နေရကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ကန့်ဘလူမြို့၌ ဩဂုတ် ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် မိုးရေချိန် ၇ လက်မမှ ၅.၁၈ လက်မအထိ ရွာသွန်းခဲ့ရာ ဩဂုတ် ၅ ရက်တစ်ရက်တည်း၌ပင် တမံအတွင်းသို့ ရေပမာဏ ၁၂၃,၀၀၀ ဧကပေ ဝင်ရောက်ခဲ့သည်။

သဖန်းဆိပ်တမံ၏ ကန်ရေပြည့်ရေလှောင်ပမာဏမှာ ၂,၈၈၀,၀၀၀ ဧကပေ (ရေအမှတ် ၅၄၅ ပေ) ဖြစ်ပြီး ဩဂုတ် ၆ ရက် ညပိုင်းတိုင်းထွာချက်အရ ရေအမှတ် ၅၄၄.၄ ပေရှိရာ ရေပြည့်ရန် ရေအမှတ် ၇.၂ လက်မခန့်သာ လိုတော့သဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ သဘောတူညီချက်ဖြင့် ရေပိုလွှဲမှ ရေဧကပေ ၁၆၀,၀၀၀ အထိ တိုးမြှင့်လွှတ်ထုတ်ခဲ့ရသည်။ အဆိုပါပမာဏမှာ ရေပိုလွှဲ၏ ဒီဇိုင်းအရ အများဆုံးလွှတ်ထုတ်နိုင်သည့် ဧကပေ ၂၈၀,၀၀၀ ၏ ၅၇ ရာခိုင်နှုန်းသာ ရှိသေးသည်။

ထို့ပြင် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ပျက်စီးနေသဖြင့် တမံအတွင်း သိုလှောင်ထားသော ရေများကို လျှပ်စစ်ထုတ်လုပ်ရန်နှင့် စိုက်ပျိုးရေအတွက် အပြည့်အဝ အသုံးပြုနိုင်ခြင်းမရှိဘဲ ရေပိုလွှဲမှ လွှတ်ထုတ်နေရခြင်းဖြစ်သည်။

တမံအောက်ဘက် မူးမြစ်အတွင်း ရေစီးဆင်းမှု များပြားလာသဖြင့် မြေနိမ့်ပိုင်းကျေးရွာများအတွင်း ရေဝင်ရောက်နိုင်သည့် အခြေအနေကို သက်ဆိုင်ရာမှ ဒေသခံများထံ ကြိုတင်အသိပေးထားသည်။

လက်ရှိတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး သဖန်းဆိပ်တမံမှာ ကြံ့ခိုင်ကောင်းမွန်လျက်ရှိကာ စိုးရိမ်ဖွယ်ရာ မရှိကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here