ရန်ကုန်၊ သြဂုတ်-၇
ပညာရေး၊ ကျန်းမာရေးနှင့် လမ်း၊ တံတား၊ ရေ၊ မီး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒေသခံပြည်သူများ၏ တင်ပြချက်များကို သက်ဆိုင်ရာမှ အလေးအနက်ထား တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ရပ်ကွက်အတွင်း လမ်းကျူး၊ ရေမြောင်းကျူးများ ရှင်းလင်းခြင်းနှင့် ရေမြောင်းအသစ် ဖောက်လုပ်ရှင်းလင်းခြင်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်သည်။
လက်ရှိ လမ်းအလိုက် ဆောင်ရွက်နေမှု အခြေအနေများမှာ သလ္လာဝတီလမ်းတွင် ရေမြောင်းနှင့် လမ်းကျူးရှင်းလင်းရေး ဆောင်ရွက်ပြီးစီးသကဲ့သို့ ဇေယျဝတီလမ်းတွင် လက်ရှိ၌ ဇေယျဝတီ (၄) လမ်းနှင့် (၅) လမ်းတို့၌ ရေမြောင်းဖောက်လုပ်ရှင်းလင်းခြင်းများ ဆောင်ရွက်ဆဲ ဖြစ်ကြောင်း သိရသည်။
ထို့အတူ ခိုင်ရွှေဝါလမ်းတွင် ဆောင်ရွက်ပြီးစီးပြီဖြစ်ကာ ဓမ္မာရုံလမ်းတွင် သန့်ရှင်းရေးနှင့် ရေမြောင်းရှင်းလင်းရေး ဆောင်ရွက်ဆဲ ဖြစ်ကြောင်း သိရသည်။
မြို့နယ်အတွင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် မြစ်ထွက်ပေါက် (၁၄) ပေါက်နှင့် ချိတ်ဆက်ထားသည့် ပင်မရေနှုတ်မြောင်းများကို မြို့နယ်စည်ပင်သာယာရေးဌာနက တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပြီး၊ ရပ်ကွက်တွင်း ရေမြောင်းများကိုမူ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် မိမိတို့နေအိမ်ရှေ့ရှိ ရေမြောင်းများ ပိတ်ဆို့မှုမရှိစေရန်အတွက်လည်း ဒေသခံပြည်သူများက ကိုယ်တိုင်ပါဝင် ဝိုင်းဝန်းဆောင်ရွက်နေကြကြောင်း သိရသည်။
ဓာတ်ပုံ- Aye Mya Mya Kyaing FB